ဇွန်၊ ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ရွာသစ်ကျေးရွာ ကို စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့ ဇွန်လ ၁ ရက်မ နက် ၅ နာရီခွဲအချိန် က စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံသုံးထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သိရပါတယ်။
“ မနက်က အစောကြီး လက်နက်ကြီးနဲ့ ပစ်ဝင်လာတာ ဝရုန်းသုံးကားပြေးရတယ်။ ဝင်ဝင်ချင်း မီးရှို့တယ်။ ၈ နာရီအထွက်မှာ ထပ်ရှို့တယ်။ ဒေသခံတွေ ထွက်ပြေးနေရတယ် ” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက ပြောပါတယ်။
အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်လာပြီး ခင်ဦးမြို့ အနောက်ခြမ်း မူးမြစ်အရှေ့ဘက် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးက ရွာသစ်ရွာကို ဝင်ရောက် မီးရှို့ခဲ့တာဖြစ်ပါတယ်။
အဲဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းဟာ ရွာသစ်ရွာအနီးမှာ ရှိတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ နေအိမ်ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့တာကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းက ရွာသစ်ကျေးရွာအပြင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မူးသာကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံသုံးထောင်ကျော်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတာပါ။
“ စစ်ရှောင်တွေကတော့ ဒီကနေ့မနက်အစောကြီး ပြေးရတာဆိုတော့ မျက်နှာတောင်သစ်ရအုံးမှာ မဟုတ်ဘူး။ တောင်ရွာဝင်မြောက်ရွာ ပြေးကြရတာဆိုတော့ အဲ့ဒီရွာက ကျွေးထားရတာပေါ့ “ လို့ ကိုသာစစ်လင်းက ဆိုပါတယ်။
လတ်တလောအခြေအနေမှာ စစ်ကောင်စီစစ်ကြောင်းဟာ မူးသစ်ရွာနဲ့ အင်းပတ်ဂွေ့ ကျေးရွာမှာ ရှိနေသေးတဲ့အတွက် ဒေသခံတွေ ကိုယ့်နေရပ်ကို မပြန်ရဲကြသေးဘဲ နီးစပ်ရာကျေးရွာ၊ တောတောင်တွေမှာ နေထိုင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းချိန်ကနေ စတင်ပြီး နှစ်နှစ်အတွင်းမှာ ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း (၇၄)ရွာက အိမ်ခြေ ငါးထောင်ကျော်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ဒေသခံသုံးသောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး