ဇွန်၊ ၁
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ကိုဗစ်ရောဂါ ဆေးစစ်ချက် အဖြေတွေမှာ အရှုပ်အထွေးတွေနဲ့ ကြုံနေရပါတယ်။
လီဟာ မေလ ၂၂ ရက်တုန်းက အာဖရိက ခရီးစဉ်ကအပြန် နေထိုင်မကောင်းလို့ ဆေးစစ်ခဲ့တဲ့နောက် ကိုဗစ်ရောဂါ ဖြစ်ပွားနေကြောင်း Positiveအဖြေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ အသက် ၇၁ နှစ်အရွယ် နိုင်ငံခေါင်းဆောင်အတွက် ပထမဆုံးအကြိမ် ကိုဗစ် ကူးစက်ခံရမှု ဖြစ်လာပါတယ်။
နောက်တော့ လီရဲ့ ဆေးစစ်ရလဒ်က Negative ဖြစ်သွားပြီး ကိုယ်တိုင်လည်း နေကောင်းနေတာကြောင့် ရုံးတက်ပြီး ပုံမှန် အလုပ်လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတခါ ဆေးပြန်စစ်တော့ Positive ဖြစ်နေပြန်တယ်လို့ ဝန်ကြီးချုပ်က ဇွန်လ ၁ ရက်၊ Facebookမှာ အတည်ပြု ရေးသားခဲ့ပါတယ်။
လောလောဆယ် သူက ကျန်းမာရေး ကောင်းနေကြောင်း၊ ဒါပေမဲ့ နောက်တခါ ကိုဗစ် ထပ်ဖြစ်မှာကိုတော့ တွေးပြီး စိတ်ပူနေမိကြောင်း လီက ဆိုပါတယ်။
ဆရာဝန်တွေက ကိုဗစ် တကျော့ပြန် ခေါင်းထောင်တဲ့ အခုလို လက္ခဏာမျိုးဟာ လူနာတွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာ တွေ့ရတတ်တယ်လို့ ပြောပြခဲ့ကြောင်းလည်း သူက ရေးသားထားပါတယ်။
လီဟာ မေလ ၂၈ ရက်တုန်းက သူ့ရဲ့ ဆေးစစ်ရလဒ်အဖြေ Negative ဖြစ်သွားလို့ ရုံးပြန်တက်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ကျန်းမာရေး ကိစ္စက ထင်ထားတာထက် ပိုရှုပ်ထွေးတဲ့ သဘောမျိုး ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းက အမေရိကန်ရဲ့ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာန (CDC)က ကိုဗစ် တကျော့ပြန် ခေါင်းထောင်မှုလို့ ခေါ်ဆိုရမယ့် အချိန်တိုအတွင်း ရောဂါပြန်ဖြစ်မှုမျိုးကို လူနာ အနည်းစု တွေ့ကြုံရနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီလို ဖြစ်ရပ်မျိုးမှာ ရောဂါလက္ခဏာတွေက ခဏလောက်ပဲ ပြသပြီး အများအားဖြင့် ပြန်လျော့ပါးသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။ တကျော့ပြန် ကိုဗစ် ခေါင်းထောင်မှုဟာ ဆေးစစ်ရလဒ် Negativeဖြစ်ပြီး နာလန်ပြန်ထပြီးတဲ့နောက် ၂ရက်ကနေ ၈ ရက်အတွင်း ကြုံရတတ်တယ်လို့လည်း သိရပါတယ်။
Ref: CNA