မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်မှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်းရဲ့ ညီမပြော

ဇွန်၊ ၁

ပထမဆုံးအကြိမ် မအောင်မြင်ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဟာ ဂြိုဟ်တု လွှတ်တင်တဲ့ အားထုတ်မှုတွေကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူက ပြောကြားခဲ့ပါတယ်။

ကင်ယိုဂျောင်ဟာ မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ ဩဇာ အကြီးဆုံး အမျိုးသမီးလို့ သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူ အထူးတလည် အားကိုးတဲ့ လက်ရုံးတဆူလည်း ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်မှာတော့ KCNA သတင်းဌာနက ကင်ယိုဂျောင်ရဲ့ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုတွေ ထပ်မံ အကောင်အထည် ပေါ်လာမယ်လို့ ဖော်ပြသွားပါတယ်။

နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မြောက်ကိုရီးယား အစိုးရဟာ ဘာမဆို လုပ်မှာ ဖြစ်တယ်လို့ ကင်ယိုဂျောင်က ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံရဲ့ အနာဂတ် ကာကွယ်ရေး အစီအမံတွေမှာ ရန်သူ့ စစ်ရေး လှုပ်ရှားမှုတွေကို ထောက်လှမ်း စောင့်ကြည့်နိုင်မယ့် ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်နိုင်ရေးအရ အရမ်းအရေးကြီးတဲ့ ရည်မှန်းချက် တခုဖြစ်ကြောင်း ပြောကြားထားဖူးပါတယ်။

မြောက်ကိုရီးယားဟာ မေလ ၃၁ ရက် မနက်အစောပိုင်းက ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖြစ် ထောက်လှမ်းရေး ဂြိုဟ်တု တလုံးကို လွှတ်တင်ခဲ့ပေမယ့် မအောင်မြင်ဘဲ ဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံရဲ့ ချွတ်ယွင်းမှုကြောင့် ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။

ဒီလို ပထမဆုံးအကြိမ် ခြေချော်မှုကြောင့်တော့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်ရေး သံန္နိဋ္ဌာန် ပျက်ပြယ်သွားမှာ မဟုတ်ကြောင်း ကင်ယိုဂျောင်က အခိုင်အမာ ပြောပါတယ်။

မြောက်ကိုရီးယားဟာ လက်နက်နဲ့ သိပ္ပံနည်းပညာ စမ်းသပ်မှုတွေ မှားယွင်း ချွတ်ချော်တာမျိုးကို လူသိရှင်ကြား ဝန်ခံတာမျိုး အတော်လေး ရှားပေမယ့် မေလ ၃၁ ရက်က ဂြိုဟ်တု ပျက်ကျသွားတဲ့ ကိစ္စကိုတော့ စောစောစီးစီး ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်ဖို့ အားထုတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အတိအလင်း ချိုးဖောက်ခြင်း ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားထားပါတယ်။

 

Ref: CNA