ရာထူးသက်တမ်းစေ့ချိန်မှာ နုတ်ထွက်တော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်

ဇွန်၊ ၁

၁၈ လ ရာထူးသက်တမ်း စေ့ချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ရာထူးက နုတ်ထွက်မယ်လို့ ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီ ဂူတာရက်ဇ်ဟာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ အရှုပ်အထွေးပေါင်းစုံ ကြုံနေရတဲ့ မြန်မာနိုင်ငံ အရေးကို သံတမန်ရေး နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းပေးဖို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက ဟေဇာကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကာလတွေမှာ ဟေဇာဟာ အာဏာသိမ်း စစ်ကောင်စီအပြင် ပြိုင်ဘက် ဒီမိုကရေစီရေး အင်အားစုတွေဆီကပါ ခါးခါးသီးသီး ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။

ဂူတာရက်ဇ်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် စတီဖိန် ဒူဂျာရစ်က ဟေဇာရဲ့ သတ်မှတ် ရာထူးသက်တမ်းဟာ ဇွန် ၁၂ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး အဲဒီအချိန်ကျရင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ သူ့တာဝန်တွေကို စွန့်ခွာမယ်လို့ ပြောကြားသွားပါတယ်။ သူ့ရဲ့ ရာထူးသက်တမ်းအတွင်း မြန်မာ့ ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေအတွက် မရပ်မနား အားထုတ်ပေးခဲ့လို့ ဟေဇာကို ကုလသမဂ္ဂ အကြီးအကဲက အထူး ကျေးဇူးတင်ရှိတယ်လို့လည်း ဒူဂျာရစ်က ဆိုပါတယ်။

ကုလသမဂ္ဂဟာ နောက်ထပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် တဦးကို ခန့်အပ်ဖို့လည်း စီစဉ်နေပြီလို့ သိရပါတယ်။

စင်ကာပူ နိုင်ငံသူ လူမှုရေးသိပ္ပံ ပညာရှင် ဟေဇာဟာ ဩဂုတ်လတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မင်းအောင်လှိုင် အပါအဝင် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် အကျဉ်းချခံ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့် မရခဲ့ပါဘူး။

သူဟာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့မိလို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ဝေဖန် ရှုတ်ချမှုကို ခံခဲ့ရသလို နောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ကလည်း ဟေဇာက ဆွေးနွေးမှုတွေမှာ တဖက်သတ် တောင်းဆိုမှုတွေနဲ့ ဖိအားပေးခဲ့ကြောင်း စွပ်စွဲလာခဲ့ပြန်ပါတယ်။ ဟေဇာက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ အာဏာသိမ်း စစ်တပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ် ဆိုတာက စစ်တပ်ကို အစိုးရအဖြစ် တရားဝင် အသိအမှတ် ပြုလိုက်တဲ့ အဓိပ္ပါယ် မဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က သူ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပြုမချင်း မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်မသွားဘူးလို့လည်း ဟေဇာက အတိအလင်း ပြောကြားခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကဏ္ဍပေါင်းစုံက ပြိုလဲနေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ကုလသမဂ္ဂအပြင် အာဆီယံကပါ သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားမှုတွေက မအောင်မြင်သေးပါဘူး။ အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့လို အင်အားကြီး နိုင်ငံတွေဆီက စစ်ရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံတွေ ရရှိထားတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ပဋိပက္ခတွေ အဆုံးသတ်စေမယ့် လမ်းကြောင်းကို ရွေးချယ်ဖို့ ခေါင်းမာမာနဲ့ ပယ်ချနေဆဲ ဖြစ်ပါတယ်။

ဟေဇာလိုပဲ မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ဖူးသူ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ဗိုလ်ချုပ်တွေရဲ့ ငြင်းဆိုမှုကို ခံခဲ့ရပါတယ်။

 

Ref: AFP