ထားဝယ်မှာ ညဘက်ခွေးစာထွက်ကျွေးတဲ့ အမျိုးသားနှစ်ဦး စစ်ကောင်စီပစ်ခတ်လို့သေဆုံး

မေ၊ ၃၁
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မေလ ၃၀ ရက် ည ၉ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ပစ်သတ်ခံရသူနှစ်ဦးဟာ အသက် ၃၇ နှစ်အရွယ် ထားဝယ်မြို့ခံ ကိုဟိန်းဇော်အောင်နဲ့ သူ့သူငယ်ချင်း ကိုအောင်အောင်တို့ဖြစ်ကြပြီး ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းဆုံအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
သေဆုံးသူတွေနဲ့ နီးစပ်တဲ့ လူငယ်တဦးကတော့ သူတို့နှစ်ဦးဟာ ခွေးစာကျွေးဖို့ သွားရင်းနဲ့ အခုလို ပစ်ခတ်ခံခဲ့ရတာလို့ DNA ကို ပြောပါတယ်။
 
” သူတို့က စောမိညိုလမ်းဆုံမှာ နေ့တိုင်း ခွေးစာလာကျွေးတာ၊ အရင်တုန်းကတော့ တယောက်တည်းပဲ လာလာကျွေးတယ်၊ ညကတော့ ဆိုင်ကယ်နဲ့ နှစ်ယောက်လာတာ၊ အဲဒါ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့တွေ့ပြီး ညနက်ပိုင်း ယောကျ်ားနှစ်ယောက် ဆိုင်ကယ်နဲ့လာတာဆိုတော့ ပစ်ထည့်လိုက်တာ၊ ဆိုင်ကယ်ကတော့ တယောက်တစီးပဲ စီးလာကြတာ ” လို့ သူကဆိုပါတယ်။
 
အဲဒီလို ပစ်ခတ်ခဲ့ပြီးနောက် သူတို့စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့သေးသလို မီးမလောင်လို့ကျန်နေတဲ့ အစိတ်အပိုင်းတွေကိုလည်း ကားပေါ်တင်ယူသွားပြီး သေဆုံးသူနှစ်ဦးရဲ့မိသားစုတွေကိုတော့ ဆေးရုံမှာ အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တယ်လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ထားဝယ်ဆေးရုံကြီးဆီ သယ်သွားပြီး မနက်ပိုင်းမှာတော့ မိသားစုဝင်တွေကို ပြန်လာယူခိုင်းခဲ့ပါတယ်။ လက်ရှိမှာတော့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေ နေအိမ်ကို ရောက်ရှိနေပြီး မနက်ဖြန်မှာ ထားဝယ်မြို့အပြင်ဘက်က ဇဟာသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ခဲ့သူတဦးကတော့ အလောင်းနှစ်ခုစလုံးမှာလည်း မီးလောင်ဒဏ်ရာတချို့ ရှိနေတယ်လို့ DNA ကို ပြောပါတယ်။
 
ထားဝယ်မြို့ခံတချို့ကတော့ အဲဒီအမျိုးသားနှစ်ဦး ပစ်ခတ်ခံရတဲ့အချိန် သေနတ်သံ အချက် တရာနီးပါး ကြားခဲ့ရပြီး တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထားဝယ်မြို့အတွင်း ကင်းလှည့်နေတာရှိတယ်လို့ ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် တနှစ်လောက်ကတည်းက ထားဝယ်မြို့အတွင်းမှာ ည ၈ နာရီလောက်ကစပြီး လမ်းသွားလမ်းလာတွေ သိပ်မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ညတိုင်းနီးပါး ကင်းလှည့်လေ့ရှိပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်မြို့အတွင်းမှာ ဆိုင်ကယ်တစီးကို နှစ်ယောက်အတူတူစီးတဲ့ အမျိုးသားတွေကို ဖမ်းဆီးတာ၊ လိုက်လံပစ်ခတ်တာတွေ လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နဲ့ ၁၆ ရက်တွေကလည်း အမျိုးသမီးလေးဦး အပါအဝင် ထားဝယ်မြို့ခံ ကိုးဦးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး သူတို့ထဲက အသက် ၃၅ နှစ်ဝန်းကျင်ရှိတဲ့ ကိုကျော်သူရအောင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ 
ဓာတ်ပုံ – CJ