မေ၊ ၃၁
မကွေးတိုင်း၊ ချောက်မြို့မှာ လေပြင်းတိုက်ရာက လူနေအိမ်ပေါ် သစ်ပင်ပြိုလဲကျလို့ အသက် (၁၁)နှစ်အရွယ် ကလေးတဦး သေဆုံးသွားသလို နောက်ထပ်မိသားစုဝင်ငါးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ချောက်မြို့မှာ မနေ့က ညနေပိုင်းမှာ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး အမှတ် (၁၄) ဇောတိက ရပ်ကွက်ရှိ နေအိမ်တလုံးပေါ်ကို သစ်ပင်ပြိုလဲကျခဲ့တာလို့ သိရပါတယ်။
” မိုးလည်း ရွာတယ်၊ လေက ပိုပြင်းတာ၊ အပင်ကြီးတွေကလည်း အိုနေပြီ အဲ့ဒီခြံထဲမှာ၊ ကုက္ကိုလ်ပင်က နှစ်ပင်တောင်ရှိတာ၊ နှစ်ပင်စလုံးက ကိုင်းကြီးတွေ ကျိုးကျတာပါ၊ မိုးရွာတဲ့ အချိန်ဆိုတော့ တမိသားစုလုံး အိမ်ထဲရှိနေချိန် အခုလိုဖြစ်တာပါ၊ ကလေးက ခေါင်းထိပြီး ဆုံးသွားတာ ” လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
နေအိမ်ပေါ် သစ်ပင်လဲပြိုကျတာကြောင့် သေဆုံးသွားသူဟာ အသက် (၁၁)နှစ်အရွယ် မမေသဇင်မိုးဆိုသူ ကလေးငယ်ဖြစ်ပြီး တအိမ်တည်းနေ မိသားစုဝင်ငါးဦးလည်း ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ် ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်တွေကို မနောဖြူ လူမှုကူညီရေးအသင်းက ချောက်မြို့ဆေးရုံကြီးဆီ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။