မုံရွာ – မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မေ၊ ၃၀
 
မုံရွာ – မန္တလေး လမ်းပိုင်းက ဖြန်သန်းသွားတဲ့ စစ်ကောင်စီ ယာဥ်တန်းကို မေလ၂၉ ရက်မနေ့ညက ပဒေသာမိုင်း နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Black Eagle Defence Force – MMU က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မုံရွာကနေ စစ်ကိုင်းဘက်ကို တက်လာတဲ့ စစ််ကောင်စီရဲ့ စစ်ကား လေးစီးပါ ယာဉ်တန်းကို ည ၈ နာရီခန့်မှာ အလ္လကပ္ပ နဲ့ ဘိုမင်းကြီးကင်းအကြားမှာ ပဒေသာမိုင်း သုံးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
“ ကားတန်းရဲ့ နောက်ဆုံးကား လေးစီးမြောက်ကို မိုင်းဆွဲခဲ့တာပါ။ အဲ့ဒီမှာ နှစ်စီးမြောက်ကို ထိမှန်ခဲ့တာ ထိခိုက်တာ များမယ်ထင်တယ်။ အသေအဆုံး အထိအခိုက်ကိုတော့ အတိအကျမသိ ရသေးဘူး ” လို့ Black Eagle Defence Force က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီယာဥ်တန်းဟာ နှစ်သုတ်ဖြတ်သွားတာဖြစ်ပြီး ပထမ အသုတ်မှာ ရေဒီယိုလှိုင်းဖြတ်စက် တပ်ဆင်ထားတဲ့ Jammer ကားနဲ့ စစ်ကောင်စီတပ်ကားအချို့ ဖြတ်သန်းသွားပြီး နောက်အသုတ် ၁၁ စီးယာဥ်တန်းရဲ့ လေးစီးမြောက်ကို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
 
အဲဒီလိုတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ခိုက်မှုကို မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ (Black Eagle Defence Force -MMU )၊ မြင်းမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ People Defence Force Myinmu – MMU PDF စတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်တာလို့လည်း သိရပါတယ်။
 
အဲဒီမုံရွာ-မန္တလေးလမ်းပိုင်းမှာ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိပါတယ်။ 
ဓာတ်ပုံ – Social Media (ပုံဟောင်း)