ရန်ကုန်မှာ ဆိုင်ကယ်တွေကို နေအိမ်ရှေ့အထိ စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးနေ

မေ၊ ၃၀
 
ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်၊ ဘေးတွဲနဲ့ ဘထ္ထရီစက်ဘီး တွေကို နေအိမ်တွေအရှေ့အထိ စီမံချက်နဲ့ လိုက်လံဖမ်ဆီးမှုတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ယာဉ်အသုံးပြုသူတွေက ပြောပါတယ်။
 
” နေတိုင်း ဖမ်းနေတာ ကျွန်တော်ဘက်မှာတော့၊ ၂၆ ရက်ကနေ ၂၉ ရက်အထိိ မံချက်နဲ့ ဖမ်းနေတယ်ဆိုပေမယ့် အခုထိပါပဲ။ အိမ်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကအစ သူတို့ ကားနဲ့ပတ်လို့ တွေ့ရင် ဖမ်းသွားတာ ” လို့ ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
 
အခုလို ဖမ်းဆီးနေတာဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာနေတဲ့အတွက် စီမံချက်ထားပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
 
” ရန်ကုန်ရဲ့ နေရာတော်တော်များများမှာ ဖြစ်တဲ့ ပေါက်ကွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေမှာ အခုလို ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ နောက် ဘထ္ထရီစက်ဘီးတွေ ကို သုံးပြီး လုပ်ကြတော့ စကစဘက်က ဒါကိုစီမံချက်နဲ့ကို လုပ်နေတာ။ ဒါနောက်ပိုင်းဆို လူကို အရေးယူတဲ့အထိပါ လုပ်လာနိုင်တယ်။ ပိုဆိုးလာရင်ပေါ့ ” လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
 
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု၊ သန်လျင်၊ သာကေတ ဆက်သွယ်ထားတဲ့ ရထားသံလမ်း ဖောက်ခွဲခံရမှု၊ မြောက်ဥက္ကလာပမြို့နယ်က မီတာရုံး ဗုံးပေါက်ကွဲမှု စတဲ့ဖြစ်စဉ်တွေ ဖြစ်ပွါးခဲ့ပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးအဖွဲ့တွေဟာ ဆိုင်ကယ်နဲ့ ဘထ္ထရီစက်ဘီးတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ စစ်ကောင်စီဘက်က ယူဆထားတဲ့အတွက်ကြောင့်လည်း အခုရက်ပိုင်း ဆိုင်ကယ်ဖမ်းဆီးမှုကို ပိုမိုလုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
 
” ​အရင်ကတော့ ဆိုင်ကယ်မစီးရ ဆိုတာနဲ့ လိုင်စင်ဆိုရင် နယ်ကျော်ဖမ်းတာလောက်ပေါ့။ အခုကတော့ အကုန်သိမ်းတာ။ တချို့ သူတို့ အဲ့လိုစစ်ရင်း ဖမ်းမိတာတွေလည်း ရှိတယ်။ အတိအကျတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ကတော့ စီမံချက်ဖမ်းရမယ်ဆိုရင် ဖမ်းပေးလိုက်တာပဲ။ ကျန်တာသူတို့ (စကစ)ဆက်လုပ်တာ ” လို့အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်တဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဆိုင်ကယ်ဖမ်းဆီးတာကို နေ့စဥ်လိုလို လုပ်ဆောင်နေပါတယ်။
 
“ (ဆိုင်ကယ်ကို) ဆိုင်ရှေ့ရပ်ထားတာ လမ်းထဲအထိ ဝင်ဖမ်းတော့ ပါသွားတယ်၊ ပြန်ရွေးလို့ရ၊ မရလည်း မမေးတော့ပါဘူး၊ သူတို့နဲ့ စကားလည်း မပြောချင်တော့ဘူး၊ ကိုယ့်ဘာသာ စက်ဘီးလေးပဲ ပြန်ဝယ်ပြီး စက်ဘီးနဲ့ပဲ လိုက်ပို့တော့မယ်၊ တချို့လည်း အိမ်ထဲထားတာကို တွေ့လို့ အသိမ်းခံရတာ ” လို့ အင်းစိန်မြို့နယ်က အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချတဲ့ အသေးစား စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
ဒါပေမယ့် တချို့စစ်ကောင်စီတပ်ရဲ့အောက်ခြေပိုင်းကတော့ ဆိုင်ကယ်တွေကို အမှန်တကယ် မဖမ်းဆီးပဲ ငွေကြေးယူပြီး ပြန်လွှတ်ပေးတာရှိတယ်လို့လည်း အဲ့ဒီဒေသခံပြည်သူတွေက ဆိုပါတယ်။ 
ဓာတ်ပုံ – Social Media