သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေ သုံးရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ စစ်ကောင်စီအစီရင်ခံစာမှာ ဖော်ပြ

မေ၊ ၃၀
 
မြန်မာနိုင်ငံမှာ ၂၀၂၀ ကနေ ၂၀၂၃ အထိ သုံးနှစ်တာကာလအတွင်း အလုပ်လက်မဲ့ဦးရေဟာ သိသိသာသာ တိုးမြင့်လာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနရဲ့လုပ်သားအင်အားခန့်မှန်း စာရင်း၊ အင်းများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်က ကောက်ယူခဲ့တဲ့ လုပ်သားအင်အား စစ်တမ်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီစစ်တမ်းမှာ အာဏာသိမ်းပြီးနောက် တိုးပွားလာတဲ့ အလုပ်လက်မဲ့နှုန်း အခြေအနေကိုပါ ဖော်ပြထားတာပါ။
 
အလုပ်လက်မဲ့နှုန်းဟာ နိုင်ငံတွင်းရှိ အလုပ်လုပ်ကိုင်နိုင်သူ လူဦးရေအပေါ် အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။
 
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ အထိ သုံးနှစ်အတွင်း အလုပ်လက်မဲ့နှုန်း သုံးရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၀ ခုနှစ်က သုညဒသမ ၁၇ ရာခိုင်နှုန်း၊၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
လွန်ခဲ့တဲ့သုံးနှစ်က မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေတရာမှာ အလုပ်လက်မဲ့ဖြစ်နေသူ တဦးနှုန်းတောင် မရှိခဲ့ပေမယ့် ကိုဗစ် ကပ်ရောဂါကာလနဲ့ အာဏာသိမ်းကာလ နှစ်နှစ်ကျော်တို့ကို ဖြတ်သန်းခဲ့ရပြီးနောက် အလုပ်လုပ်နိုင်တဲ့ လူတရာမှာ သုံးယောက်ကျော်အထိ အလုပ်လက်မဲ့ ဖြစ်လာတဲ့သဘော ဖြစ်ပါတယ်။
 
အဲ့ဒီအလုပ်လက်မဲ့နှုန်း အချက်အလက်တွေဟာ အလုပ်သမားညွန်ကြားမှုဦးစီးဌာနရဲ့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံလုပ်သားအင်အား၊ ကလေးလုပ်သားနဲ့ ကျောင်းပြီးလုပ်ငန်းခွင်အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်း၊ ၂၀၁၇/၂၀၁၈/ ၂၀၁၉ လုပ်သားအင်အား စစ်တမ်း နှစ်ပတ်လည် ပင်မအစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်တွေ၊ ၂၀၁၄လူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း နဲ့ ၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းပါ အချက်အလက်တွေကို အခြခံတွက်ချက်ထားတာလို့ ဆိုပါတယ်။
 
အခုလို စာရင်းကောက်ယူရာမှာ အိမ်ထောင်စု ၁၂၅-၁၅၀ (လူဦးရေ ၅၀၀ခန့်)ကို ကောက်ကွက်တကွက်နှုန်းနဲ့ ကောက်ကွက် လေးထောင်လောက် ကွင်းဆင်းကောက်ယူခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အဲဒီလိုအလုပ်လက်မဲ့တိုးလာတာဟာ COVID-19 ကပ်ရောဂါကြောင့် လုပ်သားဦးရေ လျော့ကျတာ၊ လုပ်ငန်းတွေ ပိတ်သိမ်းတာ၊ လုပ်သားတွေ ရွှေ့ပြောင်းသွားလာမှုများလာတာတွေကြောင့် ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
 
ဒါ့အပြင် နှစ်စဥ်လုပ်သားဦးရေတိုးနေတဲ့အတွက် လုပ်သားစျေးကွက်နဲ့ အလုပ်ရရှိမှု မလွှမ်းခြုံနိုင်တာကြောင့် ဆိုပြီးတော့လည်း အကြောင်းပြထားပါတယ်။
 
အလုပ်သမားအဖွဲ့အစည်းတွေကတော့ လက်ရှိအခြေအနေတွေအရ အမှန်တကယ် အလုပ်လက်မဲ့နှုန်းထားဟာ စစ်ကောင်စီက ခန့်မှန်းထားတာထက် ပိုများနိုင်နေသေးတယ်လို့ ယူဆကြပါတယ်။
 
” ရင်းနှီးမြုပ်နှံမှုတွေလည်း အာဏာသိမ်းပြီးတော့ တောက်လျှောက်ကျဆင်းသွားတယ်၊ Brand တွေဆိုလည်း ထွက်ကုန်တယ်၊ အဲဒီအကျိုးဆက်က ခန့်မှန်းစာရင်းထက် များနိုင်တယ် ” လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် အလုပ်လက်မဲ့နှုန်းမြင့်တက်လာတာဟာ COVID-19 ကပ်ရောဂါကြောင့်ဆိုတဲ့ အချက်နဲ့ မလုံလောက်ဘဲ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့်လည်း ပါတယ်လို့ သူကဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ရေးတင်းမာမှုတွေ၊ နယ်မြေမတည်ငြိမ်မှုတွေကြောင့် လယ်၊ ယာ လုပ်ကိုင်နိုင်သူ လျော့နည်းလာတဲ့အတွက် လယ်ယာလုပ်သားတွေ အလုပ်လက်မဲ့များလာတာဟာ မြင်သာတဲ့ အခြေအနေတခု ဖြစ်တာကြောင့် လက်တွေ့အလုပ်လက်မဲ့နှုန်းဟာ စစ်ကောင်စီစာရင်းထက်​ ပိုများနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” အာဏာရှင်လက်အောက် ရှိနေသမျှတော့ ဒီဒဏ်တွေ ဆက်ခံနေရမှာပဲ၊ အလုပ်လက်မဲ့ တိုး နေသလို အလုပ်ရှိနေသူတွေလည်း လုပ်အားခနည်းတာ၊ ဖိနှိပ်စေခိုင်းခံရတာတွေနဲ့ ဒုက္ခဆင်းရဲတွေနဲ့ ရုန်းကန်နေကြရတာ ” လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးက ပြောပါတယ်။
 
စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နူန်းအောက်မှာသာ ရှိနေခဲ့ပေမယ့် အာဏာသိမ်းအ​ပြီး နှစ်ပိုင်းအတွင်း အဆမတန်တိုးမြင့်လာတဲ့အပေါ် စိတ်ပျက်ရတယ်လို့လည်း အလုပ်သမားရေးရာ စောင့်​ကြည့်လေ့လာသူတွေက ဆိုပါတယ်။
 
မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေ ရပ်ဆိုင်းတာ၊ လုပ်သားအင်အား လျှော့ချလိုက်တာတွေကြောင့် အလုပ်လက်မဲ့ဦးရေ တသန်းခွဲကျော်အထိ ရှိလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Myanmar Labour News