ဆွီဒင် ကမ်းလွန်နားမှာ တွေ့ခဲ့ရတဲ့ ရုရှား သူလျှို ဝေလငါး

မေ၊ ၃၀

ရုရှားရဲ့ သူလျှိုဝေလငါး တကောင်ကို ဆွီဒင်နိုင်ငံ ကမ်းလွန် ရေပြင်မှာ တွေ့ရှိခဲ့ရတယ်လို့ အဲဒီ ဝေလငါးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တခုက ပြောပါတယ်။

 ကင်မရာတွေနဲ့ ခြေရာခံ ကိရိယာတွေလိုမျိုး သူလျှို ပစ္စည်းတွေ တပ်ဆင်ပေးထားတဲ့ အဖြူရောင် ဘီလူဂါ ဝေလငါးကို ရုရှားရေတပ်က လေ့ကျင့်ပေးထားတာလို့ ခိုင်ခိုင်မာမာ ယုံကြည်ရပါတယ်။ ၂၀၁၉ လောက်တုန်းက နော်ဝေးနိုင်ငံ ရေပိုင်နက်ထဲ ကူးခတ်နေတဲ့ အဲဒီ ဝေလငါးကို ပထမဆုံးအကြိမ် သတိထားမိလာကြပါတယ်။

 နော်ဝေး မြောက်ဖက်စွန်းက ဖင်းမတ်ခ် ဒေသနားမှာ သူလျှိုဝေလငါးကို အာဏာပိုင်တွေက သတိပြုမိခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဲဒီ ဝေလငါးရဲ့ လှုပ်ရှားမှုတွေကို OneWhale အဖွဲ့က စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ အနောက်တောင်ဖက် ကမ်းရိုးတန်းမှာ ပြန်ပေါ်လာတာ တွေ့ခဲ့ရပါတယ်။

 နောက်တော့ ဝေလငါးလေးဟာ သူ့ပုံမှန် ကျက်စားနေကျ နယ်မြေကနေ ရုတ်တရက် ခပ်မြန်မြန် ထွက်ခွာသွားကြောင်း၊ ဘာကြောင့် ဒီလို ပြုမူသလဲ ဆိုတာကို မသိရကြောင်း OneWhaleရဲ့ အဏ္ဏဝါဇီဝဗေဒ ပညာရှင် တဦးဖြစ်တဲ့ ဆီဘက်ရှန် စထရန်းက ပြောပါတယ်။

 အသက် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်အရွယ် ရှိနိုင်တဲ့ ဝေလငါးလေးဟာ မိတ်ဖက် ရှာဖွေနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေက ယူဆနေပါတယ်။ ဘီလူဂါ ဝေလငါးတွေဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ပြီး အရမ်း အဖော်မက်တဲ့ သတ္တဝါတွေလို့ ဆိုပါတယ်။

 နော်ဝေးကတော့ အဲဒီ ဝေလငါးလေးကို ဗယ်လ်ဒီမာလို့ ချစ်စနိုး နာမည်ပေးထားပါတယ်။ ဗယ်လ်ဒီမာဟာ နော်ဝေးရဲ့ မြောက်ဖက် အာတိတ် သမုဒ္ဒရာထဲမှာ ရံဖန်ရံခါ ပေါ်လာတတ်ပါတယ်။ ဗယ်လ်ဒီမာရဲ့ ကိုယ်ပေါ်မှာ လူလုပ် ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်ပေးထားပြီး ရုရှားကတော့ ဝေလငါးလေးဟာ နော်ဝေး စွပ်စွဲသလို သူတို့ရဲ့ စပိုင်ဖြစ်တယ် ဆိုတာမျိုး ဘယ်တုန်းကမှ ဝန်မခံခဲ့ပါဘူး။

 နော်ဝေး ရေပိုင်နက်နားမှာရှိတဲ့ ဘားရန့် ပင်လယ်ဟာ အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ရုရှားရဲ့ ရေငုပ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းရာ မဟာဗျူဟာ ရေလမ်းကြောင်း တခုဖြစ်ပြီး နှစ်ဖက်စလုံးက နိုးနိုးကြားကြား စောင့်ကြည့်လေ့ ရှိပါတယ်။ ရုရှားရေတပ်က ရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ဖို့ ဗယ်လ်ဒီမာကို လေ့ကျင့်ပေးထားတယ်လို့ ယုံကြည်ရပါတယ်။

 ဗယ်လ်ဒီမာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တွေ့ရချိန်မှာ ကျန်းကျန်းမာမာ ရှိနေပြီး နော်ဝေးနိုင်ငံ တဝိုက်က ပင်လယ်ပြင်မှာ ဆော်လမွန် ငါးအုပ်တွေကို အဓိက မှီခို စားသောက်နေတယ်လို့ ယုံကြည်ရကြောင်း စထရန်းက ပြောပါတယ်။

 ဘီလူဂါ ဝေလငါးတွေဟာ ပေ ၂၀ အရွယ်လောက်ထိ ကြီးထွားနိုင်ပြီး သက်တမ်း နှစ်ပေါင်း ၄၀ ကနေ ၆၀ လောက်ထိ ရှည်လျားလေ့ ရှိပါတယ်။ အဲဒီ ဝေလငါးမျိုးစိတ်တွေဟာ အများအားဖြင့်တော့ ဂရင်းလန်းကျွန်း၊ နော်ဝေးနဲ့ ရုရှားနိုင်ငံ မြောက်ပိုင်းက ရေခဲလောက်အောင် အေးမြတဲ့ ပင်လယ်ပြင်တွေမှာ သဘာဝအလျောက် ကျက်စားနေထိုင်ကြကြောင်း သိရပါတယ်။