ပိုချက်တီနိုကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း ချဲလ်ဆီး တရားဝင်ကြေညာ

မေ၊ ၃၀

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဘောလုံးကလပ် ချဲလ်ဆီးဟာ ကာလအတော်ကြာ သတင်း ထွက်ပေါ်နေတဲ့အတိုင်း မော်ရစ်စီယို ပိုချက်တီနိုကို မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

 မေလ ၂၉ ရက်မှာ လန်ဒန် အခြေစိုက် ကလပ်အသင်းက ကြေညာချက်တစောင် ထုတ်ပြန်ပြီး အသက် ၅၁ နှစ်အရွယ် အာဂျင်တီးနားသားဟာ လာမယ့်ရာသီမှာ ချဲလ်ဆီးရဲ့ မန်နေဂျာ ဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ပိုချက်တီနိုဟာ ဇူလိုင် ၁ ရက်က စတင်မယ့် ၂ နှစ်သက်တမ်း စာချုပ်ကို ချဲလ်ဆီးနဲ့ လက်မှတ် ရေးထိုးခဲ့ပါတယ်။

 ချဲလ်ဆီးဟာ အခုရာသီမှာ အတော်လေး မတည်မငြိမ် ဖြစ်ခဲ့သလို မန်နေဂျာ ၃ ဦးထိ ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ ယာယီ မန်နေဂျာ ဖရန့်ခ်လမ်းပတ် နောက်ဆုံး ကိုင်တွယ်ခဲ့ချိန်မှာ အသင်းဟာ ၂၅ နှစ်ကျော် ကာလအတွင်း အဆိုးဆုံး အမှတ်ပေးဇယား ရပ်တည်မှုနဲ့ပါ ကြုံခဲ့ပြီး အဆင့် ၁၂ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

 ပိုချက်တီနိုဟာ ကမ္ဘာ့အဆင့် မန်နေဂျာ တဦးဖြစ်သလို ထူးကဲတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားကြောင်း၊ သူ့ဆီက အသင်းအနေနဲ့ အများကြီး မျှော်လင့်ထားကြောင်း ချဲလ်ဆီးက ကြေညာပါတယ်။

 ပိုချက်တီနိုဟာ ချဲလ်ဆီးရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအပြင် ဆောက်သမ်တန်လို ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိနေပါတယ်။ ချဲလ်ဆီးက ပိုချက်တီနိုဟာ သူတို့ရဲ့ ပထမ ဦးစားပေးနဲ့ တဦးတည်းသော ပစ်မှတ်အဖြစ် ခေါ်ယူတဲ့ မန်နေဂျာ ဖြစ်တယ်လို့ ဆိုပါတယ်။

  ပိုချက်တီနိုဟာ ချဲလ်ဆီးအတွက်တော့ ၅ နှစ်အတွင်း ၆ ယောက်မြောက် ပြောင်းလဲခန့်အပ်တဲ့ အမြဲတမ်း မန်နေဂျာ ဖြစ်လာပါတယ်။ အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလေး တာဝန်ယူတဲ့ ပွဲဦးထွက် ရာသီမှာ ချဲလ်ဆီးက အကြီးအကျယ် ယိမ်းယိုင်သွားခဲ့ပြီး အဲဒီ အခြေအနေကို ပြန်ပြင်ဆင်ဖို့ ပိုချက်တီနိုအပေါ် ဖိအားတွေ အတော်လေး ကျရောက်လာနိုင်ပါတယ်။

 ဘိုလေးဟာ သူ့လက်အောက် ပထမဆုံး ဘောလုံးရာသီမှာတင် ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် စတာလင်ပေါင် သန်း ၅၅၀ ကျော် ပြောင်းရွှေ့ကြေး အသုံးပြုခဲ့ပေမယ့် အသင်းရဲ့ သမိုင်းတလျှောက် မေ့ပစ်ချင်စရာ အကောင်းဆုံး ဘောလုံးရာသီ တခုနဲ့သာ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။