မုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့ နေစရာ၊စားစရာမရှိဖြစ်နေ

မေ၊ ၂၉

မိုခါမုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာစခန်းတွေမှာ အရေးပေါ်အကူအညီတွေမရကြသေး တာတွေရှိသလိုတချို့စခန်းတွေမှာ နေစရာ၊စားစရာမရှိတဲ့အထိ အခက်တွေ့နေကြတယ်လို့ အဲ့ဒီစခန်းတွေမှာနေထိုင်ကြသူတွေကပြောပါတယ်။

“ငတ်နေတဲ့သူတွေလည်း ရှိကြတယ်၊ဟိုအိမ်က ထ မင်းခဲ၊ ဒီအိမ်ကထမင်းခဲ ပေးမှ စားရတဲ့သူတွေ အ များကြီး၊နည်းနည်းလေး ဆန်းကွဲလေးကျန်ခဲ့ရင် အဲဒါတွေကို နေလှမ်းစားကြရတယ်၊ ပြီးတော့ မိုးမစိုဘဲ (ဆန်)ကျန်ခဲ့တဲ့သူတွေဆီက ယူပြီး မျှစားကြရတာပေါ့”လို့ ပေါက်တောမြို့နယ် ကြိမ်နီပြင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်ဇောက ပြောပါတယ်။

အိမ်ထောင်စုပေါင်း (၁၄၀၀) ကျော်ရှိတဲ့ အဲဒီကြိမ်နီပြင်စခန်းမှာ မိုခါမုန်တိုင်းမဝင်မီ မေလ ၇ ရက်နေ့က မီးလောင် မှု ဖြစ်ပွားခဲ့လို့ နေအိမ် (၃၀၀)ကျော် ပျက် စီးခဲ့ရကာ ပြန်လည်ပြင်ဆင်မှုတွေ မလုပ်နိုင်သေးခင်မှာပဲ မုန်တိုင်း ထပ်မံ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းကြောင့်လည်း နေအိမ် (၈၀၀)လောက် ထပ် မံပျက်စီးခဲ့ရပြီး နေအိမ် (၂၀၀)ဝန်းကျင်လောက်ပဲ အကောင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆန်လိုတယ်၊တဲဆောက်လို့နေဖို့ တာလပတ်၊ ဝါးတွေ၊ သစ်တွေ လိုပါတယ်၊ အခုက နေပူလို့၊ မိုးရွာရင် နေစရာ ကို မရှိဘူးဖြစ်နေမှာ၊ကျွန်တော်တို့စခန်းမှာ မုန်တိုင်းလည်း ဝင်သွားတယ်၊မီးလည်း လောင်သွားတယ်။ အဲဒီအတွက် ကျွန်တော်တို့က အားလုံးထက် အခက်အခဲအများဆုံးဖြစ်နေပါတယ်”လို့ ကြိမ်နီပြင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်ဇောကပြောပါတယ်။

မိုခါမုန်တိုင်းဒဏ် အဓိကခံခဲ့ရတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်းအများအပြားရှိနေပြီး လက်ရှိမှာ စခန်းတချို့ကို အကူအညီတွေရောက်လာတာရှိပေမယ့် အများစုကိုတော့အကူအညီတွေမရောက်လာသေးဘူးလို့ဆိုပါတယ်။

စစ်တွေ၊ရသေ့တောင်တို့အပါအဝင်ကမ်းခြေမြို့နယ်တွေဖြစ်ကြတဲ့ ပေါက်တော၊ မြေပုံမြို့နယ် တို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာအပျက်အစီးတွေများခဲ့သလို လူသေဆုံးမှုတွေလည်းရှိခဲ့တာပါ။

 ကြိမ်နီပြင်စခန်းအပြင် ပေါက်တောမြို့နယ်ထဲကငှက်ချောင်းနဲ့ ဆင်တက်မော် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း နေ အိမ်နဲ့ စာသင်ကျောင်းအ ပျက်အစီးတွေ များစွာရှိခဲ့ပြီး အကူအညီတွေ လို အပ်နေကြတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ကလေးငယ်အပါအဝင် ၂၀ ဦး သေဆုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ညောင် ပင်ကြီးရိုဟင် ဂျာဒုက္ခသည်စခန်းမှာလည်း နေအိမ်တွေအားလုံးနီးပါးပျက်စီးသွားခဲ့ကာ လက်ရှိမှာ သောက်သုံးရေနဲ့ နေစရာအမိုး အကာတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“အခု တဲထိုးပြီးတော့ စုပြီး နေနေကြရပါတယ်၊စားဖို့ကတော့ WFP က လာပေးထားလို့ အဆင်ပြေပါတယ်၊ အရေးပေါ်လိုနေတာက သောက်ရေပါ၊ကန်မှာ ဆားငံဝင်သွားလို့၊ အဝေးကြီးကနေ သွားခပ်နေကြရပါတယ်”လို့ ညောင်ပင်ကြီးစခန်းမှာနေထိုင်တဲ့ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

မိသားစုပေါင်း (၆၀၀)ကျော်ရှိတဲ့ မြေပုံမြို့နယ်က တောင်ပေါ်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာဆိုရင်လည်း နေအိမ် (၃၀၀) နီးပါး ပျက်စီးခဲ့သလိုကြက်၊ဆိတ်စတဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ စားနပ်ရိက္ခာတွေလည်းမုန်တိုင်းဒီရေ နဲ့ မျောပါသွားခဲ့တယ်လို့ဆိုပါတယ်။

“စားစရာရိက္ခာတွေ အကုန်ပါသွားပါတယ်၊ရေက အ ကုန်လုံးကို မြုပ်သွားတယ်၊အခု ဆန်တွေကလည်း စျေး တော်တော်ကြီးနေတာ ရိက္ခာအကူအညီ လိုပါတယ်”လို့ အဲ့ဒီစခန်းက တာဝန်ခံ ဦးတင်မောင်က ပြောပါ တယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း လေးရာကျော် သေဆုံးခဲ့ရတယ်လို့ စာရင်းကောက်ယူနေသူ တွေက ပြောထားပြီး စစ်ကောင်စီကတော့ တရာကျော်ပဲ ရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီလို ရိုဟင်ဂျာပြည်သူတွေ သေဆုံးရတာဟာ အာ ဏာပိုင်တွေရဲ့ မုန်တိုင်းမတိုင်ခင် ရွေ့ပြောင်းပေးမှုကို လက်မခံတဲ့အတွက်ဖြစ်ရတာလို့ စစ်ကောင်စီက စွပ်စွဲထားပြီး ရိုဟင်ဂျာတွေကတော့ အဲဒီစွပ်စွဲချက်ဟာ အပြည့်အ၀မှန် ကန်မှုမရှိဘဲ စစ်ကောင်စီက ရိုဟင်ဂျာရွာတိုင်းကို ကြိုတင်ရွှေ့ပြောင်းဖို့အသိပေးစီစဉ်ပေးတာမျိုးမရှိခဲ့ဘူးလို့တုံ့ပြန်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း တသိန်းကျော် ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီစခန်း တွေကို သွားရောက်ကူညီခွင့်တွေ မကြာခဏ ကန့်သတ်၊ ပိတ်ပင်ဖူးပါတယ်။

လက်ရှိမှာတော့ ရခိုင့်တပ်တော် AA ထိန်းချုပ်တဲ့ ဒေသတွေထဲက ရိုဟင်ဂျာ စခန်းတွေမှာတော့ ကုလ သမဂ္ဂလက်အောက်ခံနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတချို့ရနေကြပြီဖြစ်ပြီး တချို့ ဒုက္ခ သည်စခန်းတွေကိုတော့ဆက်သွယ်လို့မရသေးပါဘူး။