တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

မေ၊ ၂၉
 
ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ မေလ ၂၈ ရက် မနေ့ည ၈ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်နဲ့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။
 
လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ နဲ့ အမှတ်၂၅၀ အမြှောက်တပ်တို့က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ လွိုင်ကော်မြို့မြောက်ဘက်၊ ကုန်းမှီကို့ ကျေးရွာဘက်ကို နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့လို့ နေအိမ်တွင်းနေထိုင်နေတဲ့ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
 
” ဒီဘက်မှာက တိုက်ပွဲမရှိလည်း ပစ်တာကြာပြီ။ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်။ မနေ့က နေစောင်းပြီဆိုထဲက လက်နက်ကြီးနဲ့ နှစ်နေရာက ပစ်တဲ့အသံတွေ ကြားရတာ၊ ညဘက်ကျ ထပ်ကြားရပြီး မကြာဘူး လူနာတင်ကားသံ ကြားရတာ ကလေးတွေ ထိသွားတယ်လို့ ပြောသံကြားတယ် ” လို့ နယ်မြေခံသတင်းရင်းမြစ်က DNA ကိုပြောပါတယ်
 
အဲဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကုန်းမှီကျေးရွာက အသက်ကိုးနှစ်နဲ့ ခုနစ်နှစ် ယောက်ျားလေး နှစ်ဦးဟာ ဦးခေါင်းနဲ့လက်မှာ ယမ်းစထိမှန်ဒဏ်ရာရရှိခဲ့လို့ ရွှေလွိုင်ကော် ပရဟိတအသင်းမှ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
” အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။ ကလေးတွေဆိုတော့ လန့်တာလည်း ပါတယ်။ ဒဏ်ရာရတဲ့နေရတွေကျ အရိုးလည်း ထိခိုက်နိုင်တယ်။ ခေါင်းလည်း ထိထား‌တော့ ချုပ်ရမယ်ဆိုရင်လည်း ဆရာဝန်တွေ ဆုံးဖြတ်ချက်လိုတယ်။ အဲ့ဒါကြောင့် ဆေးရုံပို့လိုက်တာပါ။ အခုတော့ သက်သာနေပြီ ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
 
အခုလအတွင်း လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စည်သာရပ်ကွက်နဲ့ ကုန်းသာရွာ က အမျိူသားတဦးနဲ့ အမျိုးသမီးတဦးတို့ ယမ်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လွိုင်ကော်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ရပါတယ်။
 
မေလ ၂၄ ရက်ကလည်း မိုးဗြဲ-ပီကင်းလမ်းမပေါ်မှာ ဖြတ်သန်းမောင်းနှင်နေသော အုတ်သယ်ကား တစီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရလို့ ယာဉ်ပေါ်ပါ အသက်(၆၀)ဝန်းကျင် အမျိုးသား တဦး သေဆုံးခဲ့တယ်လို့လည်း မြို့ခံများထံက သိရပါတယ်။ 
ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း