အင်းတော်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

မေ၊ ၂၈
 
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်မှာ ကျောင်းသားတပ်မတော် (ABSDF)နဲ့ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လို့ တဦးသေပြီး နှစ်ဦးဒဏ်ရာရသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ပြန်ဆုတ်သွားတယ်လို့ ABSDF ထောက်လှမ်းရေးတာဝန်ခံ ကိုစောက DNA ကိုပြောပါတယ်။
 
“ လူသားဒိုင်းပါသွားတာတော့ ဟုတ်တယ်၊ ညနေပိုင်းမှောင်သွားတော့ ဘယ်လောက်အရေအတွက်နဲ့ ဘယ်သူတွေ ဘယ်ဝါတွေ ပါသွားလဲဆိုတာတော့ မသိသေးဘူး ” လို့ သူကပြောပါတယ်။
 
အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်ကြားက ရွာသာယာရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ကညနေ လေးနာရီခွဲမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အဆင့်ရှိသူတဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
 
အင်အား ခြောက်ဆယ်၊ ခုနစ်ဆယ်ဝန်းကျင်ရှိနိုင်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ်နှစ်ဆယ်ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွာသာယာရွာခံတချို့ကို ဖမ်းဆီးကာ အင်းတော်မြို့နယ် မော်တိတ်ရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ ကိုစောက ဆက်ပြောပါတယ်။
 
မနေ့က အင်းတော်မြို့ ဘောလုံးကွင်းမှာ စစ်ကောင်စီရဲ့ထောက်ပို့ရဟတ်ယာဉ်တစီး ဆင်းသက်ခဲ့ပြီး တိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ အရာရှိတွေရဲ့နေရာမှာ အစားထိုးတာဝန်ယူမယ့် အရာရှိငါးဦးကို ချပေးခဲ့သေးတယ်လို့ Northern ABSDF က ဖော်ပြထားပါတယ်။
 
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်နဲ့ ဗန်းမောက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဲ့ဒီနှစ်မြို့နယ်လုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ပါတယ်။
 
ဗန်းမောက်မြို့ အနောက်မြောက်ဘက်က ကြောင်လည်ရွာအနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ကြသလို အဲ့ဒီတိုက်ပွဲကို စစ်ကူပေးမယ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာက အင်းတော်မြို့နယ် မော်တိတ်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ကြတာပါ။
 
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်သူများပြီး ဗန်းမောက်မြို့နယ်က ကြောင်လည်ရွာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
နှစ်ဘက်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မေလ ၂၅ရက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အင်းတော်မြို့နယ် ကျွန်းတောရွာခံ အသက် (၉၃)နှစ်အရွယ် ဒေါ်မိသိန်းဆိုသူနဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပါတယ်။
 
ဒါ့အပြင် ကြောင်လည်ရွာသိမ်းပိုက်ခံရပြီးနောက် အဲ့ဒီရွာရဲ့အနောက်ဘက် ၇ မိုင်ဝန်းကျင်အကွာက နောင်ကန်ရွာကိုလည်း စစ်ကောင်စီက လေကြောင်းကဗုံးကြဲချခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။ 
ဓာတ်ပုံ – Social Media