ဘီးလင်းမှာ ဒရုန်းနဲ့ကြဲချတဲ့ဗုံးသီးကြောင့် ဆယ်ကျော်သက်နွားကျောင်းသားနှစ်ဦး သေဆုံး

မေ၊ ၂၇
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာထဲကို ဒီကနေ့ နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် အရပ်သား ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ရွာထဲမှာ နွားကျောင်းနေတဲ့ ကလေးနှစ်ဦးထိတာပါ၊ ကလေးတွေရဲ့ ဘေးနားကပ်ရပ်ကို ကျပေါက်တာလို့ ပြောတယ်၊ သေတာပေါ့၊ ခြေလက်တွေမှာ စုတ်ပြတ်သတ်နေတာပဲ ကြည့်ရက်စရာတောင်မရှိဘူးဗျာ၊ ဒီလိုကျတော့လည်း ဘယ်အဖွဲ့ကပဲ လုပ်လုပ်ပါ၊ မဖြစ်သင့်တဲ့ကိစ္စပါ ” လို့ ဘီးလင်းဒေသခံတဦးက ပြောပါတယ်။
 
ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာထဲကို အမည်မသိအဖွဲ့တခုက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့တာပါ။
 
အဲဒီဗုံးသီးနှစ်လုံးဟာ ကျေးရွာအတွင်း နွားကျောင်းနေတဲ့ အသက် ၁၂ နှစ်အရွယ် မောင်မိုးထက်နဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းတို့ဘေးနားကပ်ရပ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးလုံး ခြေထောက်၊ လက်နဲ့ ဦးခေါင်းတွေမှာ ပေါက်ပြဲကျိုးပဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
 
ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေါက်ကျေးရွာမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ ပစ်ချလိုက်တဲ့ဗုံးသီးဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိတဲ့နေရာကို မပေါက်ကွဲဘဲ အရပ်သားတွေ ရှိတဲ့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ် လို့ KNU -သထုံခရိုင်မိတ်ဖက်ရေးရာကော်မတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
 
“ စစ်တပ်က အဲဒီရွာမှာ ရှိနေတယ်၊ ရွာသားတွေကို ခေါ်ပြီးတော့ အစည်းအဝေးတခုလုပ်မယ်လို့တော့ သတင်းရတာပေါ့၊ လမ်းကင်းယူနေတာရှိတယ်၊ အဲ့မှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်းနဲ့ ဗုံးသွားကြဲတာ၊ အဲဒီဗုံးက စစ်တပ်တွေရှိတဲ့ နေရာအပေါ်ကို သွားမကျဘဲနဲ့ ရွာထဲက နေအိမ်တခုဘေးမှာ သွားကျတယ်၊ အဲမှာ ကလေးနှစ်ဦး ဆုံးသွားတယ်လို့ သိရတယ်။ နွားတွေလည်း သေတယ်လို့လည်း သိရတယ် ” လို့ သူက ပြောပါတယ်။
 
အဲဒီလိုဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်မှာ စစ်ကောင်စီလက်အောက်ခံ ဘီးလင်းအခြေစိုက် အမြောက်တပ် (၃၁၄)က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာကြောင့် အဝင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲလို့ ဦးဇင်းတပါး၊ ကိုရင်နှစ်ပါးနဲ့ ဘုန်းကြီးကျောင်းသားတဦး ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
 
“ လက်နက်ကြီးက ဘုန်းကြီးကျောင်းကို ထိသွားတာ၊ ကိုရင်တွေ၊ ဦးဇင်းတွေ၊ ကျောင်းသားတွေက ခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန် သွားတာပေါ့၊ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးပြောတယ်၊ အခုကတော့ ဆေးကုသမှုခံယူနေတာပေါ့ ” လို့ ဦးကျော်မြင့်က ပြောပါတယ်။
 
သထုံခရိုင်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ကင်းစခန်း၊ စစ်ဆေးရေးဂိတ်တွေ၊ လမ်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တဲ့ နည်းလမ်းကိုသာ အဓိကအသုံးပြုနေပြီး အဲဒီလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ အရပ်သားတွေ ရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားတွေရှိတဲ့နေရာတွေမှာ စစ်ဆင်ရေးလှုပ်ရှားတဲ့အခါမှာ အရပ်သားတွေ ထိခိုက်မရှိအောင်နဲ့ အထိအခိုက်နည်းပါးတဲ့နည်းလမ်းကို အသုံးပြုသင့်တယ်လို့ မွန်ပြည်နယ် ဒေသခံတွေက ပြောကြပါတယ်။
 
အဲ့ဒီလိုမဟုတ်ရင်ရေရှည်မှာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးပေါ်မှာ ယုံကြည်မှုကင်းမဲ့သွားမှာဖြစ်သလို တော်လှန်ရေးပုံရိပ်ကိုလည်း မှေးမှိန်သွားစေနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်