သထုံမှာ ကုန်တင်ကားတစီးမိုင်းထိလို့ တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မေ၊ ၂၇
 
မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မေလ ၂၆ ရက် ည ၈ နာရီ​လောက်က ကုန်တင်ကားတစီး မိုင်းထိလို့ ယာဉ်ပေါ်ပါသူတဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ပြောရရင် အဲလမ်းပေါ်က အဲဒီအနားဝန်ကျင်းတဝိုက်မှာ ခဏခဏပဲ မိုင်းဆွဲခံနေရတာ၊ အခုလည်း ကုန်ကားပါ၊ ကားပေါ်မှာတော့ သုံးယောက်ပါလာတယ်၊ မိုင်းဆွဲခံရတာလို့ ကြားတယ်၊ တဦးကတော့ ပွဲချင်းပြီးပဲပြောတယ်၊ နှစ်ဦးကတော့ ဒဏ်ရာရသွားတယ် ” လို့ သထုံမြို့ခံတဦးက ပြောပါတယ်။
 
အဲဒီကုန်တင်ကားဟာ ကျိုက်ထိုဘက်ကနေ သထုံမြို့နယ်ဘက်ကို မောင်းနှင်လာတာဖြစ်ပြီး သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနဲ့ ကရင်လေးဆိပ်ကျေးရွာအကြား မိုင်တိုင်အမှတ် (၁၃၅/၂)နဲ့ (၁၃၅/၃)ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရတာလို့ ဆိုပါတယ်။
 
မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဦးသန်းမင်းထိုက်နဲ့ မခင်ဇာလှိုင်တို့နှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ယာဉ်မောင်းအကူဖြစ်တဲ့ ဦးဟိန်းဇင်ဝင်းကတော့ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာနဲ့ ​နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
“ သူတို့ဇာတိကတော့ ဧရာဝတီ ဖျာပုံဘက်ကလို့ သိရတယ်၊ အခုတော့ သထုံဆေးရုံမှာပါ၊ ယာဉ်မောင်းက ခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာရထားတယ်၊ သူကတော့ အသက်အန္တရာယ်စိုးရိမ်နေရသေးတယ်၊ ကျန်တဲ့ အမျိုးသမီးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ၊ မစိုးရိမ်ရဘူးပြောလို့ရတယ် ” လို့ သထုံမြို့နယ်က လူမူကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကားနဲ့ မှားယွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU-သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
 
“ ကုန်ကားလို့ သိရတယ်၊ အဲမှာ ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေက စစ်ကားတွေလာလို့၊ ဘီးလင်းဘက်ကနေ ဆင်းလာမယ်ဆိုပြီးတော့ပေါ့နော်၊ သွားစောင့်နေတာ၊ အဲဒီမှာ ပစ်ခတ်လိုက်တာ၊ နောက်မှ အရပ်သားကားသိရတယ်၊ ဒီလိုတော့ ကျွန်တော်တို့ သတင်းရထားတယ် ” လို့ သူကပြောပါတယ်။
 
ဒီလိုအရပ်သားကားကို မှားယွင်းပစ်ခတ်မှုအတွက် တောင်းပန်ကြောင်းနဲ့ မှားယွင်းပစ်ခတ်ခဲ့တဲ့ အဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီက ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ အရပ်သားကားတွေအသုံးပြုပြီး အင်အားဖြည့်တင်းတာ၊ တပ်ပြောင်းရွေ့တာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ အပြင်မသွားလာကြဖို့နဲ့ ညဘက်အချိန်မတော် စစ်ကောင်စီယာဉ်တန်းနဲ့ နီးနီးကပ်ကပ်သွားလာတာတွေ မလုပ်ကြဖို့ လိုအပ်တယ်လို့ ဦးကျော်မြင့်က ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၂၁ ရက် ည ၁၀ နာရီမှာလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ခရီးသည် ၁၀ ဦးလိုက်ပါစီးနင်းလာတဲ့ ခရီးသည်တင်ကားကို အမည်မသိအဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါသူ သုံးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်းမှာ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေ၊ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာနဲ့ ချောင်းမြောင်းပစ်ခတ်ခံရတဲ့ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းရှိနေပြီး ဖြစ်စဉ်အများစုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – အခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်-မော်လမြိုင်လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ပျက်စီးနေတဲ့လမ်းပိုင်းကို တွေ့ရစဥ်။