မေ၊ ၂၇
ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ် မိုးဗြဲမြို့ပေါ်က ညောင်ဝိုင်းတပ်စခန်းအပါအဝင် စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေကို ဒီကနေ့မနက်ပိုင်းမှာ တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ တိုက်ပွဲက ညောင်းဝိုင်းမှာဖြစ်တယ်၊ မြို့ပတ်ပတ်လည်မှာလည်း ဖြစ်တယ်၊ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာတိုင်းမှာ ဖြစ်တယ်လို့ ပြောရမယ်၊ မိုးဗြဲမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာတွေကို တပြိုက်နက် တိုက်ခိုက်ခဲ့တာပါ၊ ဘယ်နေရာတွေကို တိုက်ခိုက်တယ်ဆိုတာက အသေးစိတ်တော့ ပြောလို့မရဘူး ” လို့ သူကပြောပါတယ်။
မိုးဗြဲမြို့ပတ်ပတ်လည်က စစ်ကောင်စီတပ်စခန်းနေရာတွေကို ဒီကနေ့မနက်ငါးနာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက်ခုနစ်နာရီဝန်းကျင်မှာတော့ စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
တနာရီခွဲလောက် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ရှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာမှာ တိုက်ပွဲအပြင်အထန်ဆုံးဖြစ်ခဲ့တဲ့ ညောင်းဝိုင်း ဘုန်းကြီးကျောင်းအနီးမှာ ပေါင် ၅၀၀ ဗုံးတလုံး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက်တပ်နဲ့ အနီးဝန်းကျင်က တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲဖြစ်နေတာမရှိတော့ဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးပါဘူး။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိကတော့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင်မိုးဗြဲမြို့ပေါ်က တိုက်ပွဲမှာ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ကနဦးသိရပါတယ်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ညောင်ဝိုင်းရပ်ကွက် ဘုန်းကြီးကျောင်း ပျက်စီးသွားသလို အရပ်သားနေအိမ် သုံးလုံးလောက်လည်း ပျက်စီးသွားကာ ထပ်မံပျက်စီးမှု ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်ကလည်း မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ မြို့ပြတော်လှန်ရေးတပ်ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ နှစ်ဦးကို ဖမ်မိခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အဲဒီတိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိဖို့ ဘေးကင်းစွာနေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – Nang Shwe Thazin Oo / Facebook
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အအုံတချို့