ကမ္ဘောဒီးယားမှာ မွေးမြူရေးကန်ထဲ ပြုတ်ကျသူ မိကျောင်းလေးဆယ်လောက် ဝိုင်းကိုက်တာခံရပြီး သေဆုံး

မေ၊ ၂၇

ကမ္ဘောဒီးယား နိုင်ငံမှာ မိကျောင်း အကောင် ၄၀ လောက် ရှိနေတဲ့ မွေးမြူရေးကန်ထဲ ပြုတ်ကျသွားသူတဦး မိကျောင်းတွေ ဝိုင်းကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူဟာ မိကျောင်း မွေးမြူရေးစခန်း ပိုင်ရှင် အသက် ၇၂ နှစ်အရွယ် လျူနမ်ဆိုသာ ဖြစ်တယ်လို့ ဆီယမ်ရိဒေသ ရဲဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ မေလ ၂၆ ရက်မှာ လျူက မိကျောင်းတွေ မွေးထားရာ ခြံထဲကို ဝင်ပြီး ဥဥထားတဲ့ မိကျောင်း တကောင်ကို လုပ်ရိုးလုပ်စဉ်အတိုင်း တုတ်နဲ့ ခြောက်လှန့်ပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ 

အဲဒီအချိန်မှာ မိကျောင်းက ရုတ်တရက် လျူရဲ့ လက်ထဲက တုတ်ကို ကိုက်ပြီး ဆွဲချလိုက်ရာက လျူဟာ မိကျောင်းကန်ထဲ ပြုတ်ကျသွားခဲ့တာလို့ သိရပါတယ်။ သူဟာ ဘာမှ သေသေချာချာ မတုံ့ပြန်နိုင်ခင်မှာပဲ မိကျောင်း အကောင် ၄၀ လောက်က ရက်ရက်စက်စက် ဝိုင်းကိုက်ခဲတာ ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ရဲတွေဟာ မိကျောင်းတွေကို အတော်လေး ခြောက်လှန့် မောင်းထုတ်ပြီးမှသာ လျူရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့ပါတယ်။ 

ရဲအရာရှိ တဦးက လျူရဲ့ အလောင်းဟာ ကိုက်ရာတွေ ပြည့်နှက်နေပြီး လက်နှစ်ဖက်နဲ့ ခြေထောက်တွေပါ မရှိတော့ဘူးလို့ ပြောပါတယ်။ ရဲတွေက သေမှုသေခင်း စစ်ဆေးပြီးတဲ့နောက် ရုပ်အလောင်းကို မိသားစုဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။ လျူဟာ ဒေသတွင်းက မိကျောင်း မွေးမြူရေး အသင်း ဥက္ကဋ္ဌလည်းဖြစ်ပြီး သူ့မိသားစုက သူ့ကို အနားယူသင့်ပြီလို့ ကာလရှည်ကြာ တိုက်တွန်းနေတာကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

၂၀၁၉ တုန်းကလည်း ကမ္ဘောဒီးယားမှာ အလားတူ ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် တဦးဟာ မိသားစုရဲ့ မိကျောင်းမွေးမြူရေး ကန်ထဲ ပြုတ်ကျသွားရာက မိကျောင်းတွေက အရှင်လတ်လတ် ကိုက်ဖြတ် စားသောက်မှုကို ခံခဲ့ရပါတယ်။ မိသားစုဟာ မိန်းကလေးရဲ့ ဦးခေါင်းခွံကိုသာ ကြွင်းကျန် အစိတ်အပိုင်းအဖြစ် ပြန်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

Ref: SCMP