မေ၊ ၂၆
စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သက်ကြီးရွယ်အို တွေအပါ အဝင် ဒေသခံတချို့နဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေဆီကသိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုုက်တာကြောင့် အသက် ၉၃ နှစ်အရွယ် အဖွားအိုတဦးနှလုံးရှော့ခ်ရကာသေဆုံးသလို အသက် ၃၃ နှစ်အရွယ်အမျိုးသမီးတဦး၊ အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဗန်းမောက်မြို့နယ် အနောက်မြောက်ခြမ်းက ကြောင်လည်ရွာအနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ဟာ သီတင်းတပတ်နီးပါးကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပြီး မေလ ၂၄ရက်မှာ ကြောင်လည်ရွာကို တော်လှန် ရေး အင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြပေးနေတဲ့ Banmauk Revolution ကဖော်ပြပါတယ်။
အဲ့ဒီနောက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာနဲ့မသက်ဆိုင်တဲ့ ကြောင်လည်ရွာရဲ့ အနောက် ဘက် ရမိုင်ကျော်အကွာက နောင်ကန် ရွာထဲကို လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ဗုံးကြဲချခဲ့တာကြောင့် နောင်ကန်ရွာက အသက်(၆၆)နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ Banmauk Revolutionက ဖော်ပြထားပါတယ်။
အလားတူ ဗန်းမောက်မြို့နယ်ကြောင်လည်ရွာတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ဖြတ်တောက်ပိတ် ဆို့ရာက အင်းတော်မြို့နယ် မော်တိတ်ဒေသတွေမှာလည်း တိုက်ပွဲတွေရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့ပါသေးတယ်။
အင်းတော်မြို့နယ် မော်တိတ်ဒေသမှာ စစ်ကောင်စီက မနေ့က တရက်တည်း နှစ်ကြိမ် လေကြောင်းက ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်ပြီးအဆောက်အအုံတချို့ပျက်စီးခဲ့သလို ကျွန်းတောရွာက အသက် (၉၃)နှစ် အရွယ်ရှိ ဒေါ်မိသိန်း ဆိုသူ အဘွားအိုဟာ သေဆုံးသွားတယ်လို့ Indaw Revolution တာဝန်ရှိသူတဦးကပြောပါတယ်။
“အဖွား(ဒေါ်)မိသိန်းက လေယာဉ်လာတော့ ဘုန်းကြီးကျောင်းကိုပြေးတာ၊အဲ့ချိန်မှာ လေယာဉ်က ဘုန်းကြီး ကျောင်းကို ကြဲလိုက်တာ ကျောင်းက တခြမ်းပြိုသွားတယ်၊သူကတော့ ထိတာမဟုတ်ပဲ ကြဲလိုက်တဲ့အားနဲ့ နှလုံးရှော့ခ်ရပြီး ဆုံးသွားတာ”လို့သူကပြောပါတယ်။
ဒါ့အပြင် အင်းတော် PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ မိုင်းသွားဖြုတ်ရင်းက လေယာဉ်ဗုံးကြဲတာနဲ့ ကြုံခဲ့လို့ ကျဆုံး သွား သလို အဲ့ဒီတပ်ဖွဲ့ဝင်တွေယူသွားတဲ့ သေနတ်နှစ်လက်လည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ Indaw Revolution က တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီဘက်က အဲ့ဒီလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ကြားက ဗန်းမောက်နယ်ကြောင်လည်ရွာကို တော်လှန်ရေးအင်အားစုတွေပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တဦးအပါ အဝင် နှစ်ဆယ်နီးပါး သေဆုံးတယ်လို့ Banmauk Revolutionကဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ကြောင်လည်ရွာအနီးက ဘုရားတောင်မှာ ဆက်လက်တပ်စွဲထားကြ တယ်လို့ သိရပါတယ်။