မေ၊ ၂၆
မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊တောင်ခင်ရန်းရဲစ ခန်းကိုမနေ့က မေလ ၂၅ ရက် ညပိုင်း က တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်လို့ ရဲသုံးဦးသေဆုံးပြီး ရဲအရာရှိ တဦး ခြေထောက်ဒဏ်ရာ ရခဲ့တယ်လို့ ပါဝင်တိုက်ခိုုက်ခဲ့တဲ့ အင်အားစုတွေက ပြောပါတယ်။
” အဲ့ဒီတိုက်ပွဲမှာရန်သူဘက်က သုံးဦးသေတယ် ။တယောက်ကတော့ ခြေထောက်ဒဏ်ရာရသွားတယ် ။အခု အဲ့ခြေထောက်ဖြတ်လိုက်ပါပြီ’’လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးABSDF ၊ စစ်ကြောင်း ၃ က ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
တောင်ခင်ရန်းရဲစခန်းဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်လို့ ပျူစောထီးတချို့သေဆုံးတဲ့တိုက်ပွဲအပြီး နောက်တရက် မေလ ၂၅ ရက်မှာ ထပ်မံတိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။
တောင်ခင်ရန်းရဲစခန်းမှာရဲနဲ့ ပျူစောထီးအင်အား လေးဆယ်ဝန်းကျင်အထိုင်ချထားပြီးABSDFအမှတ် ၁၂ တပ်ရင်း ၊ယောဒသစခန်းက ရဲဘော်တွေ၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ တောင်ခင်ရန်းရဲစခန်းက ဘက်က စစ်ကူအင်အားတွေရောက်လာတာရှိပေမယ့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းABSDF ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ဆက်လက်ပြောကြုား ပါတယ်။
‘’တိုက်ပွဲက လေးဆယ့်ငါးမိနစ်လောက်ကြာတယ်။ (ကျွန်တော်တို့ဘက်က) အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်’’ လို့ ကိုပြည့်ဖြိုးကျော်က ဆိုပါတယ်။
တောင်ခင်ရန်းရွာဟာ ဂန့်ဂေါမြို့မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာမြစ်သာမြစ် အနောက်ကမ်းမှာရှိတဲ့ လူဦးရေလေးထောင်ဝန်းကျင်လောက်ရှိပြီး နယ်မြေရဲစခန်းလည်းတည်ရှိတဲ့ ကျေးရွာကြီးတရွာလည်း ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကိုလက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ကျေးရွာဖြစ်လို့ အဲဒီနယ်မြေရဲစခန်းမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပျူစောထီးတွေ တပ်စွဲနေထိုင်လေ့ရှိတယ်လို့ လည်း ပြောကြပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာဟာ စစ်ကောာင်စီက ဖွဲ့ပေးထားတဲ့ အရပ်သားလက်နက်ကိုင် ပျူစောထီးတွေရဲ့ အမာခံရွာဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေက မကြာခဏ စစ်ကြောင်း ထိုးသွားရောက်တိုက်ခိုက်နေတာတွေရှိတယ်လို့လည်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်က တောင်ခင်ရန်းရဲစခန်းက စစ်ထောက်လှမ်းရေးတဦးကို တော်လှန်ရေးအင်အားစုတွေက ရွာထဲမှာတင်ပစ်ခတ်လို့ သေဆုံးသွားတဲ့အပြင် သူ့ရဲ့ဆိုင်ကယ်ကိုပါ သိမ်းယူခဲ့တာရှိပါတယ်။
အဲဒီနောက်မှာစစ်ကောင်စီလုံခြုံရေးအဖွဲ့တွေဟာ ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သလို ရွာခံခြောက်ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပေမယ့် အမျိုးသမီးတဦးနဲ့ ဓားမကိုင်ဆောင်လို့ ဖမ်းဆီးခံရသူနှစ်ဦးစုစုပေါင်းသုံးဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောင်ခင်ရန်းကျေးရွာကို ဖိနှိပ်မှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံကာကွယ်ရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပြီးမကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။