စဉ့်ကူးမြို့နယ် ကျေးရွာတွေကအမျိုးသမီးတွေအပါအဝင်ဒေသခံသုံးဆယ်ခန့်ဖမ်းဆီးခံရ

မေ၊ ၂၆

စစ်ကိုင်းတိုင်း ၊စဉ့်ကူးမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ်ကဒီလ၂၁ရက်ကစပြီးစစ်ကြောင်းထိုးနေပြီးအမျိုးသမီးတွေအပါအဝင်ဒေသခံ လူသုံးဆယ်ခန့်ကို ဖမ်းဆီးခံထားရတယ်လို့ဝက်လက် သတင်းကွန်ရက် Wetlet Information Nwtwork ထံကသိရပါတယ်။

“ (စဉ့်ကူးမြို့နယ်)ထုံးကြီး(ရွာ)ကလာတဲ့  ပျူစောထီးနဲ့ စစ်ကောင်စီအင်အားတရာပါတဲ့ စစ်ကြောင်းက ဒေသခံသုံးဆယ်ဦးကိုလည်းဖမ်းဆီးသွားတယ်”လို့ Wetlet Information Networkက တာတန်ရှိသူတဦးက DNA ကိုပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ သူတွေဟာ ကျွန်းကြီးရွာနဲ့အနီးဝန်းကျင်ရွာတွေကဖြစ်ပြီးဘယ်သူတွေဖြစ်တာ၊ ဘာကြောင့်ဖမ်းဆီးတယ်စတဲ့အသေးစိတ်အချက်လက်ကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။ “ဖမ်းတာတော့စစ်ကြောင်းတလျှောက်ဖမ်းခေါ်သွားတာ”လို့ ပြောပါတယ်။

လက်ရှိမှာ ရွှေဘယက် ၊ဝက်ပေါင် ၊ပေါက်ကုန်း ၊ သဲအင်း ၊ကြက်တူရွေး ၊ရွာသာ ၊ဇီးကုန်း ၊ မြစ်ကမ်းကြီး ၊ဟင်္သာမ ၊ကျွန်းကြီး ၊ ကျွန်းတော် စတဲ့ကျေးရွာတွေက ဒေသခံတသောင်းကျော်စစ်ရှောင်နေရတယ်လို့လည်းသူကဆိုပါတယ်။ 

အဆိုပါစစ်ရှောင်တွေဟာဘုန်ကြီးကျောင်းတွေနဲ့ ရေအလည်ကသဲသောင်ပြင်တွေပေါ်မှာတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာလိုအပ်နေတာရှိတယ်လို့လည်းသူကပြောပါတယ်။

ဒါ့အပြင့်မတ္တရာမြို့နယ်၊ယက္ကန်းစင်တောင် ရဲ့မြောက်ဘက် ဓာတ်ပေါင်းဖိုစေတီပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေက  မေလ ၂၅ရက် မနေ့ကမနက်၁၂နာရီခန့်အချိန်က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာကြောင့် စဉ့်ကူးမြို့နယ် ၊ကျွန်းကြီးရွာက နေအိမ်ဆယ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီလ၂၁ရက်စပြီးစစ်ကြောင်းထိုးနေတာဖြစ်သလို ၂၃ရက်နဲ့၂၄ရက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်တာရှိသလို လေကြောင်းကတိုက်ခိုက်မှုနှစ်ကြိမ်မှာအကြိမ်ရေခြောက်ခါပစ်ခတ်သွားတယ်လို့ပြောပါတယ်။

“လေကြောင်းကပစ်တာနဲ့တိုက်ပွဲအသေအပျောက်သေချာမသိသေးဘူး။စစ်ကောင်စီကညတိုင်းလက်နက်ကြီးနဲ့ထုတာလည်းရှိတယ်”လို့ ဝက်လက်သတင်းကွန်ရက်တာဝန်ရှိသုကဆိုပါတယ်။

 

 စစ်အာဏာသိမ်းချိန်ကနေစတင်ပြီး ၂၀၂၃ခုနှစ်၊ဧပြီလ၃၀အထိ စာရင်းအရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်က နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိလာပါတယ်။

အဲဒီထဲကစစ်ကိုင်းတိုင်းက တသန်းသုံးသိန်းခုနှစ်သောင်းကျော်ပါဝင်ပြီး စစ်ရှောင်အားလုံးရဲ့ထက်ဝက်ကျော်ရှိတယ်လို့သုတေသနအဖွဲ့စည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့အချက်လက်တွေအရသိရပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီကမီးရှို့ဖျက်စီးတဲ့အိမ်ခြေပေါင်းခြောက်သောင်းကျော်အနက် စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးပါဝင်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့Data For Myanmar ကထုတ်ပြန်ထားပါတယ်။