မဲဆောက်မှာ မြန်မာအလုပ်သမား တရာ နီးပါး အလုပ်ထုတ်ခံရ

မေ၊ ၂၅

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့၊  ကဖိဘမ်းမှာရှိတဲ့ ပီနံအိတ်စက်ရုံက မြန်မာအလုပ်သမား ၉၉ ဉီးကို အခုလထဲမှာပဲ စက်ရုံဘက်က အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတယ်လို့  အလုပ်သမားတွေက DNA ကိုပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲက ၆၀ ကျော်ဟာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ကြပြီး အလုပ်ထုတ်ခံရချိန်မှာ လုပ်အားခ တလရရှိဖို့ ကျန်နေသေးတဲ့အပြင် အလုပ်ထုတ် နစ်နာကြေးတွေ ရရှိဖို့လည်း ကျန်နေသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတချို့က အလုပ်ပြန်ရသွားပေမယ့် တချို့အလုပ်သမားတွေကတော့အလုပ်ပြန်မရသေးဘဲအလုပ်သမားလိုင်းခန်းတွေကလည်း ဆင်းပေးထားရတဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“ ကျွန်တော်က အခုတော့ တခြားစက်ရုံမှာ အလုပ်ရသွားပြီပေါ့နော်။ ဒါပေမယ့် အဲ့ဒီပီနံအိတ်စက်ရုံမှာ ကျွန်တော့်လစာ တလစာကျန်သေးတယ်။ နောက်ပြီး ၁၆ နှစ်လုပ်ခဲ့တဲ့အတွက် နစ်နာကြေးတွေရဖို့ရှိသေးတယ်။ ကျွန်တော်တို့ ဒါကိုမရမချင်း ကြိုးစားသွားမှာပါ ” လို့ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတဦးဖြစ်တဲ့ ကိုတိုးအောင်က ဆိုပါတယ်။ 

စက်ရုံတွင်းမှာတော့ အလုပ်သမားတွေရဲ့ CI စာအုပ်သက်တမ်းတိုးဖို့အတွက် ဘတ် ၂၀၀၀ ဖြတ်တာနဲ့ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမားကြားမှာ မကျေလည်မှုတွေရှိခဲ့ဖူးတယ်လို့လည်းအလုပ်သမားတွေရဲ့ပြောပြချက်အရသိရပါတယ်။

အလုပ်သမားတွေက အလျော့ပေးပြီး အလုပ်ဆက်လုပ်ခဲ့ပေမယ့်  အလုပ်ရှင်ဘက်က ဘာအကြောင်းပြချက်မှ သေချာမပေးပဲ အလုပ်ကနေနားခိုင်းလိုက်တာဖြစ်တယ်လို့ ကာယကံရှင်တွေက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ အခုလိုအလုပ်ထုတ်ခံရတဲ့ဖြစ်စဉ်အတွက် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနအောက်က သက်ဆိုင်ရာ ဌာနတွေကိုတိုင်ကြားထားပြီး စုံစမ်းစစ်ဆေးမှုတွေတော့ မစသေးဘူးလို့ သိရပါတယ်။

“ ဒီလိုတွေဖြစ်လာရင် အလုပ်သမားတွေဘက်က အခက်အခဲက အချိန်ပဲ။ အလုပ်သမားရုံးက ရှင်းပေးတယ်ဆိုရင်တောင် အချိန်ကြာတယ်။ အဲ့ဒီအချိန်မှာ အလုပ်သမားက တောင့်ခံထားဖို့ခက်ခဲတယ်။ ပြီးတော့အလုပ်ထုတ်ခံရရင်လိုင်းခန်းကနေ ချက်ချင်းဖယ်ရတော့ မိသားစုတွေပါ ဒုက္ခရောက်ကုန်တာပေါ့ ” လို့ အလုပ်သမားတွေကို ကူညီပေးထားတဲ့ ရခိုင်အလုပ်သမားများအဖွဲ့ (AWO)က ကိုအောင်အောင်က ရှင်းပြပါတယ်။ 

အလုပ်ထုတ်ခံခဲ့ရတဲ့ ဒီအလုပ်သမားတွေကို တော့ရခိုင်အလုပ်သမားများအဖွဲ့   (AWO) က အခြားစက်ရုံမှာ အလုပ်ပြန်လည်ရရှိရေး ကူညီပေးခဲ့သလို အလုပ်မရရှိသေးတဲ့ အလုပ်သမားတွေကိုလည်း ရုံးမှာခေါ်ယူထားပေးတယ်လို့ ကိုအောင်အောင်ကဆက်ပြောပါတယ်။