ဂျပန်မှာ အမျိုးသားတဦးရဲ့ ပစ်ခတ်မှု၊ ဓားထိုးမှုတွေကြောင့် လေးဦးသေဆုံး

မေ၊ ၂၅

ဂျပန်နိုင်ငံမှာ အမျိုးသား တဦး ကျူးလွန်တဲ့ ပစ်ခတ်မှု၊ ဓားကိုင် ရမ်းကား တိုက်ခိုက်မှုတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြာင်း သိရပါတယ်။

 နာဂါနို ဒေသမှာ မေလ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုရဲ့ သံသယ တရားခံဖြစ်သူ အသက် ၃၁ နှစ်အရွယ် မာဆာနိုရီ အေအိုကီဆိုတဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒေသခံ ရဲအရာရှိ တဦးရဲ့ သားလည်း ဖြစ်ပါတယ်။

 အေအိုကီဟာ အမျိုးသမီး တဦးကို ဓားနဲ့ထိုးသတ်ပြီး ရဲနှစ်ဦးကိုလည်း အမဲလိုက် ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ သားကောင် ဖြစ်ခဲ့သူ တယောက်ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

 ရဲတပ်ဖွဲ့ဟာ အမျိုးသား တဦးက အမျိုးသမီး တဦးကို အရှည် ၁ ပေလောက်ရှိတဲ့ ဓားနဲ့ လိုက်ထိုးတယ်ဆိုတဲ့ တိုင်ကြားမှု တခုကို စတင် လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သံသယ တရားခံကို ဟန့်တားဖို့ ကြိုးစားရင်း ရဲတွေပါ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

 အေအိုကီက အခုလို ပြစ်မှုတွေကို ဘာကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ မျက်မြင်တဦးက အေအိုကီကို ဘာကြောင့် အခုလို လုပ်ရသလဲလို့ မေးတဲ့အခါ အဲဒီ အမျိုးသမီးကို သတ်ချင်လို့ကို သတ်လိုက်တာလို့ သွေးအေးအေးနဲ့ ပြန်ဖြေခဲ့ကြောင်း သိရပါတယ်။

 ပြစ်မှု ကျူးလွန်ချိန်မှာ အေအိုကီဟာ စစ်သုံး ပြောက်ကျား ယူနီဖောင်း၊ ဦးထုပ်တလုံး၊ နေကာမျက်မှန်နဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့ သားကောင် ဖြစ်ခဲ့တဲ့ စတုတ္ထ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးပေမယ့် သက်ကြီးပိုင်း အမျိုးသမီး တဦးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 အေအိုကီဟာ ရဲတွေရဲ့ ဝန်းရံ ပိတ်ဆို့မှုကို ခံထားရတဲ့နောက် နာကာနို မြို့ထဲက ဆိတ်ငြိမ် ဧရိယာ တခုမှာရှိတဲ့ သူ့ဖခင်ရဲ့ နေအိမ်ထဲမှာ နာရီပေါင်း အတော်ကြာအောင် ခိုအောင်းနေခဲ့ပါတ်ယ်။ သူ့ဖခင် မာဆာမီချီ အေအိုကီဟာ နာကာနိုမြို့၊ ပြည်သူ့ညီလာခံ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

 ရဲတွေက အဓိကရုဏ်း နှိမ်နင်းရေး ဒိုင်းတွေ၊ ကျည်ကာဝတ်စုံတွေ အပြည့်အစုံဝတ်ပြီး အိမ်နားကို ချဉ်းကပ်ခဲ့ကြတာကို ဗီဒီယို မှတ်တမ်းတွေအရ တွေ့ရပါတယ်။ နောက်တော့ အေအိုကီ ကိုယ်တိုင် အိမ်ထဲက ထွက်လာပြီး အသာတကြည် အဖမ်းခံခဲ့ပါတယ်။

 အစောပိုင်းတုန်းက ရဲတပ်ဖွဲ့ဟာ ဒေသခံတွေကို တတ်နိုင်သမျှ အိမ်ပြန် မထွက်ကြဖို့ messageတွေ ပေးပို့ပြီး နှိုးဆော်သလို အသံချဲ့စက်တွေနဲ့လည်း လိုက်အော်ပြီး အသိပေးခဲ့ရပါတယ်။ ပြီးတော့ ကျောင်းတွေရဲ့ ညပိုင်းသင်တန်းတွေပါ ပိတ်ထားရပါတယ်။ အေအိုကီကို ဖမ်းမိပြီးမှ အဲဒီလို အရေးပေါ် အခြေအနေမျိုး ကြေညာထားတာကို ရုပ်သိမ်းလိုက်ပါတယ်။

 ဂျပန်မှာ အခုလို မှုခင်းမျိုးတွေ၊ အထူးသဖြင့် သေနတ်ကိုင် တိုက်ခိုက်တဲ့ မှုခင်းတွေက ရှားပါးဖြစ်စဉ်တွေလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကဆိုရင် ဂျပန်မှာ ပစ်ခတ်မှုကြောင့် လူသေတဲ့ ဖြစ်စဉ် ၆ ခုသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်တုန်းကတော့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးဟာ မဲဆွယ်စည်းရုံးမှု အစီအစဉ် တခုမှာ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။