အမြင့်မြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်၊ ကားတွေကို ဖမ်းဆီးငွေညှစ်နေ

မေ၊ ၂၅
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို အကြောင်းမဲ့ဖမ်းဆီးပြီး တစီးကို ကျပ်သုံးသိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းတာမျိုး လုပ်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
“ သူတို့ အဲ့လိုလုပ်နေတာ နှစ်လလောက်တော့ရှိပြီ၊ အယောက်ငါးဆယ်ကျော်လောက် ခံရတယ်၊ အလုပ်သွား အလုပ်ပြန်တွေပေါ့၊ ဆိုင်ကယ်သိမ်းထားပြီးတော့ ပိုက်ဆံပြန်ယူခိုင်းတာ၊ မပေးနိုင်ဘူးဆိုရင် အတော်လေးညှိယူရတယ်၊ ကားတွေဆိုရင်တော့ ပါသမျှပိုက်ဆံ နည်းနည်းများများ အကုန်ယူတယ် ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း အမြင့်တိုက်နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ကြပြီးနောက် အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချ တပ်စွဲခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်သားတွေက အခုလိုဆိုင်ကယ်နဲ့ ကားတွေကို ဖမ်းစီးပြီး ငွေကြေးတောင်းခံမှုတွေ လုပ်နေတာကြောင့် အမြင့်မြို့ဟောင်းကို ဖြတ်သန်းသွားလာပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
အမြင့်မြို့ဟောင်းကို ဖြတ်သန်းပြီး အလုပ်သွားလာရတဲ့ ကုန်းသာ၊ နဂါးဗိုလ်၊ တောကျောင်းလေး၊ ရွှေဂူ စတဲ့ကျေးရွာတွေက ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေ အများဆုံး ဖမ်းဆီးခံနေရတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ အဲ့ဒီမှာ အင်အား ၅၀ လောက်ရှိတယ်၊ သူတို့က ချောင်းဦးကို လစာလည်း သွားမထုတ်ရဲတော့ Kpay တို့ Wave တို့နဲ့လွှဲတာ၊ အမြင့်ထဲမှာကလည်း ထုတ်စရာဆိုင်က အဆင်မပြေတော့ အမြင့်မြို့မြောက်ဘက်က ရွာကြီးမှာ Kpay တို့ Wave တို့ လဲတဲ့ဆိုင်ရှိတယ်၊ အဲ့ဒီကို လာထုတ်ရတာတကယ်က၊ လာမထုတ်ရဲတော့ သုံးစရာပိုက်ဆံလည်းပြတ်လို့ ကြံမိကြံရာ ကြံကြတာ ” လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ချောင်းဦးမြို့နယ် အမြင့်တိုက်နယ်ထဲက ကျေးရွာတွေဟာ တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးမှုဒဏ်တွေကို ခံခဲ့ကြရသလို အခုလိုဖမ်းဆီးငွေညှစ်မှုတွေကြောင့် အခက်ပိုတွေ့နေကြတယ်လို့ ဆိုပါတယ်။
အမြင့်တိုက်နယ်ထဲက ကံကြီးကုန်း၊ ကံဇီး၊ ကင်မွန်းတော် စတဲ့ပျူစောထီးရွာ သုံးရွာအနီး ကျေးရွာတွေက ဒေသခံတွေဟာ နွေဦးတော်လှန်ရေးအစပိုင်း ၂၀၂၁ ခုနှစ်ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အမြင့်တိုက်နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နှစ်နှစ်တာကာလအတွင်း အိမ်ခြေတထောင်ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
 
လတ်တလောမှာ အမြင့်မြို့၊ ဝယာ၊ ယာကြီးတော၊ ရွှေလှေ၊ ဆီပုဂံ၊ တပါယ်အင်း စတဲ့ကျေးရွာတွေက နေရပ်စွန့်ခွာပြေးရသူတွေဟာ ပျူရွာတွေနဲ့ လွတ်ကင်းရာမှာ နေထိုင်ရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
“ အရင်နှစ်က အိမ်မီးရှို့ခံရတယ်၊ ပျူတွေက ဗုံးပါလာခွဲတာ၊ အိမ်မကြီးကော စပါးတိုက်ကော ဘေးက ပျဉ်ထောင်အိမ်လေးပါ မီးလောင်တယ်၊ အကုန်ကုန်တာပဲ စပါးက လှောင်ထားတာ (တင်း) ၁၀၀၀ လောက်ရှိမယ် ” လို့ လက်ရှိနေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ကင်းမွန်တော်ကျေးရွာဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး