သခင်မြပန်းခြံအနီး ဗုံးနှစ်လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးထပ်မံတွေ့ရှိ

မေ ၊ ၂၅

ရန်ကုန်မြို့၊အလုံမြို့နယ်မှာရှိတဲ့ သခင်မြပန်းခြံအနီးမှာ ဒီကနေ့ မေ ၂၅ရက် မနက် ၁၁နာရီခန့်က ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်တာတော့မရှိခဲ့ဘူးလို့ ပန်းခြံအနီးနေထိုင်သူဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ရောက်တော့ ဗုံးတွေ့လို့ စစ်တပ်ကိုအကြောင်းကြားလို့ သူတို့ရောက်လာတယ်။ဗုံးဖြုတ်မယ့်စစ်သားက ဗုံးနားအသွားမှာပဲ ပေါက်တာ။ နဲနဲဝေးနေသေးတော့ မထိလိုက်ဘူးပေါ့။အဲ့ဒါပြီးတော့ နောက်ထပ်တလုံးကပါ ထပ်ပေါက်တာ”လို့ မြို့ခံတဦးကပြောပါတယ်။

အဲဒီဗုံးတွေ ထောင်တာဟာ ဘယ်အဖွဲ့ကဆောက်ရွက်တယ်ဆိုတာ ထုတ်ပြန်တာမရှိသေးသလိုဘာတွေပျက်စီးတယ်ဆိုတာလည်းမသိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာဟာ သခင်မြပန်းခြံအနီးက EV Station အနီးနဲ့ ခရီးသွားယာဥ်တွေရပ်နားရာရဲ့ လမ်းတဖက်မှာရှိတဲ့ စာရင်းစစ်ရုံးအနီးမှာပေါက်ကွဲခဲ့တာဖြစ်ပြီး ပထမအကြိမ်ပေါက်ကွဲမှုဟာ မနက်လ၁၁နာရီခန့်နဲ့ ဒုတိယအကြိမ်ပေါက်ကွဲမှုဟာ မနက်၁၁နာရီခွဲခန့်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်အပြီးမှာတော့ စစ်ကောင်စီတပ်သားတွေဟာ သခင်မြပန်းခြံအတွင်းနဲ့ EV Station အနီး ဆက်လက်ရှာဖွေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးနှစ်လုံးကိုထပ်မံတွေ့ရှိပြီး သိမ်းဆည်းသွာတယ်လို့လည်း ဆိုပါတယ်။

” မပေါက်သေးတဲ့ဗုံးတွေရှာတဲ့အချိန်မှာ ဒီဘက် အောက်ကြည့်မြင်တိုင်လမ်းဘက်အခြမ်းရော ၊ကမ်းနာလမ်းဘက်မှာရော အကုန်စစ်ဆေးတာတွေလုပ်ကြသေးတယ်။အဓိကကတော့ သူတို့ရောက်တဲ့အချိန်မှာပေါက်တော့ ။အဝေးထိန်းနဲ့ဖောက်တာဖြစ်နိုင်တဲ့အတွက် ဖောက်တဲ့သူတွေအနားမှာရှိနိုင်တဲ့အတွက်စစ်တာ ထင်တယ်။အကုန်လုံးကို စစ်တာ”လို့ ပန်းခြံအနီး စျေးရောင်းချသူတဦးကပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ပေါက်ကွဲမှုဖြစ်ပွားရာ မြို့နယ်နဲ့ ထိစပ်မြို့နယ်တွေဖြစ်တဲ့ကြည့်မြင်တိုင် ၊ပန်းပဲတန်း၊ဒဂုံမြို့နယ်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပြီး အများအား ဖြင့်ဘထ္ထရီစက်ဘီးတွေကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။