အင်းတော်မြို့၊ မော်တိတ်ဒေသကို စစ်ကောင်စီက လေကြောင်းကထပ်မံတိုက်ခိုက်

မေ ၊ ၂၅

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျွန်းတောရွာ အနီး တော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဒီကနေ့မနက်ပိုင်းက ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွန်းတော နားလေးမှာ မနက်ပိုင်းက တိုက်ပွဲဖြစ်နေတာပေါ့။ အင်းတော်လက်နက်ကြီးကုန်းကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူနေတာ ။အခုကျတော့ လေယာဉ်နဲ့လာဗုံးကြဲသွားတယ်။ စစ်အုပ်စုက ရွာသာယာရွာဖက်ကနေ ကျွန်းတောဖက်ကိုသွားတယ် အဲနားမှာပဲသူတို့ရှိနေသေးတယ်။ အခုလည်း သူတို့အထိနာနေလို့ လေယာဉ်နဲ့ဗုံးကြဲနေတာပါ ” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ရက်ကစစ်ကောင်စီကအဲဒီဒေသကိုလေကြောင်းကတိုက်ခိုက်အပြီးဒီကနေ့ မေလ ၂၅ရက်မှာထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။

ကျွန်းတောရွာအနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ဆယ်လုံးကျော်လောက် ကျဲချသွားပြီး လက်ရှိမြေပြင်မှာ ထိခိုက်ပျက်ဆီးမှုအခြေအနေတွေကို အသေးစိပ်မသိနိုင်သေးဘူးလို့ သူကဆိုပါတယ်။

 

အဲဒီမော်တိတ်ဒေသမှာ လွန်ခဲ့တဲ့နှစ်လကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အင်းတော်မြို့ကလာတဲ့ ခမရ ၄၁၆  တပ်က အင်အား ၈၀ လောက်ထပ်ပေါင်းပြီး စစ်ကြောင်းထိုးတဲ့ အတွက် အခုလိုတိုက်ပွဲတွေဖြစ်လာရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့ကနေ အနောက်ဖက် ဆယ်မိုင်သာဝေးတဲ့ မော်တိတ်ဒေသမှာ ဒီလ ၂၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDFနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်နေကြတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ABSDF ကျောင်းသားတပ်မတော်က တပ်ဖွဲ့ဝင်နှစ်ဦးလည်း မေလ ၂၂ ရက်က ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်တွေကပြောထားပါတယ်။

ဒီလ ၂၃ ရက်နေ့ကလည်း အဲဒီဒေသကို စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးနဲ့ ဗုံး ၁၅ လုံးကြဲချခဲ့တဲ့အတွက်အင်းတော် PDF အဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလ်ို ရွာသာယာကျေးရွာရှိ ဘုန်းကြီးကျောင်းကျောင်းလည်းပျက်စီးခဲ့ပါတယ်။

မော်တိတ်ဒေသလို့ခေါ်တဲ့ မော်တိတ်၊ အောင်ကုန်း၊ နံ့သာ၊ အင်ပင်ရွာ၊ ရွာသာယာ၊ တုံ့တောရွာ တွေဖက်မှာ စစ်ကောင်စီက လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက အထိုင်ချတပ်စွဲထားခဲ့တဲ့အတွက် ဒေသခံ ၆၅၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

” ဟိုနေ့(၂၃ ရက်) ကဗုံးနဲ့ လာကြဲတုန်းကတော့ ဘုန်းကြီးတခုပျက်စီးသွားတယ်။ ကျန်တာတွေက တောထဲကျတာဆိုတော့ အထိအခိုက်မရှိဘူး။ အဲပွဲမှာ သူတို့ဖက်က တပ်စိပ်နှစ်ခုလောက်ကျသွားတယ်။ အခုလည်း အထိနာနေလို့ လေယာဉ်နဲ့လာပစ်နေတာပါ။ အခုကနယ်မြေမရှင်းရသေးတော့ သေတဲ့ကောင်တွေ ဘယ်မှာမြုပ်လည်း မသိရသေးဘူး ” လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စိတ်နှစ်စိတ်လောက်ဆုံးရှုံတယ်ဆိုတာနဲ့ပတ်သတ်ပြီး DNAသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလလောက်တုန်းကလည်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို အဲဒီအချိန်ကလည်း လေကြောင်းက တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Indaw Revolution

ပုံစာ-စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့၊ မော်တိတ်ဒေသက ရွာသာယာဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ဒီလ၂၃ရက်ကလေကြောင်းတိုက်ခိုက်အပြီးတွေ့ရစဉ်။