မေ ၊ ၂၅
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကို ဆက်တိုက်ကြုံတွေ့ရတဲ့ မြန်မာနိုင်ငံမှာ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ သုတေသနလုပ်ငန်းတွေကို မဆောင်ရွက်နိုင်တာ လေးနှစ်ခန့် ကြာမြင်နေပါပြီ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းဝယ်ခံရမှုတွေ ပိုမိုများပြားလာပြီး သားငှက်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အခက်အခဲတွေ များစွာရှိနေတယ်လို့ NUG အစိုးရ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က DNA နဲ့ သီးသန့်မေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှု ပိုပြီးဆိုးရွားလာတွေနဲ့ အတူနိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေထွက်ခွာချိန် အလုပ်အကိုင်အခွင့်လမ်းတွေလည်းဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒါနဲ့အတူပဲ စစ်ကောင်စီက ကျူးကျော်ရပ်ကွက်တွေကို အဓမ္မဖျက်သိမ်းတဲ့ ကိစ္စရပ်တွေကြောင့် ဒေသခံအများစုဟာ တောရွာတွေဘက်ကိုပြန်ရောက်လာခဲ့ပြီး သယံဇာတတွေအပေါ်မှာ အလွန်အကျွံမှီခိုမှုတွေ
လုပ်ခဲ့တာဟာလည်း တောရိုင်းတိရိစ္ဆာန်တွေနဲ့သားဌက်တွေအတွက် အန္တာရာယ်ဖြစ်ခဲ့တဲ့အခြေအနေတွေထဲပါဝင်တယ်လို့ NUG အစိုးရ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကသုံးသပ်ပါတယ်။
”အထူးသဖြင့် ထင်းသာမြင်သာရှိတာက လှိုင်သာယာလို နေရာပေါ့နော်။ လူသိန်းနဲ့ချီ အလုပ်ဖြုတ်ခံရတော့ အဲဒီမှာ အလုပ်လုပ်တဲ့ လုပ်သားတွေက နယ်ကနေ များတယ်။ နောက်ပြီးကျူးကျော် ရပ်ကွက်တွေကို အဓမ္မဖျက်သိမ်းတဲ့ ကိစ္စတွေမှာက အရင်က ရန်ကုန်လို့ မြိုးကြီးတွေမှာ အလုပ် လုပ်ကြသူတွေက နေစရာ မရှိ၊ စားစရာမရှိတဲ့အခါမှာ ကိုယ့်အိမ်ကို ပြန်ကြတယ်။ မကွေးလို စစ်ကိုင်းလို ဒေသတွေက သွားပြီး အလုပ်လုပ်ကြတာများတယ်။ အဲဒီအခါကြတော့ ကိုယ့်အိမ်ပြန်သော်ငြားလည်း ဟိုမှာက စစ်ဖြစ်နေတယ်။ နိုင်ငံရေး မတည်ငြိမ်၊ လုပ်စရာ အလုပ်က ရှားပေမဲ့ မိသားစုကိုလည်း ကျွေးရမယ်ဆိုတေ့ာ ယောင်္ကျားတွေက တောကို ရောက်လာကြတယ်။ တော်လှန်ရေးကို ပါတဲ့ သူက ပါတယ်။ တချို့က အိမ်ကို ကျွေးမွေးရမဲ့ အခါမှာ သယံဇာတပေါ်မှာ အလွန်အကျွံ မှီခိုလာရတဲ့ သဘောဖြစ်တာပေါ့။ ရွှေတူးတဲ့ သူက တူးတယ်။ ကျောက်တူးတဲ့ တူး၊ သစ်ခုတ်တဲ့ သူက ခုတ်တယ်။ တောရိုင်းတိရစ္တာန်ကို ရှာဖွေလာတဲ့ အန္တရာယ်ကလည်း တော်တော်ကြီးလာပါတယ်။ အဲဒါက အဓိက အကြောင်းရင်းဖြစ်ပါတယ်” လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုပါတယ်။
NUG ဘက်ကတော့ဒီကနေ့ တော်လှန်ရေးကာလမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဝန်ကြီးဌာနတွေကို ဘတ်ဂျတ်တွေ ဦးစားပေးထားရတဲ့အတွက် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ခက်ခဲနေတာလို့ ဒေါက်တာတူးခေါင်ကဆိုပါတယ်။
ဒီကာလအတွင်းမှာတော့ ရှားပါး သားငှက်တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေ၊ အမဲလိုက်မှုတွေ၊ တရားမဝင် သစ်ထုတ်လုပ်မှုတွေ အဆမတန် များပြားလာတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အာဏမသိမ်းမီက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်သိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်တွင်းပြည်ပ ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ကျား၊ ဆင်၊ မျောက်လွှဲကျော်၊ မလေးဝက်ဝံ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ ထင်ရှားခဲ့ပါတယ်။
တဖက်မှာလည်း ရှားပါးတောရိုင်းတိရစ္ဆာန်တွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်တွေကို ဆိုရှယ်မီဒီယာမှာ ရောင်းဝယ်မှုတွေ ပိုမိုကျယ်ပြန့်လာနေပါတယ်။
တဖက်မှာလည်း တော်လှန်ရေးကာလ နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းဖို့၊ မသတ်ဖြတ်ဖို့ မူဝါဒတွေ ထုတ်ပြန်ထားပေမဲ့ တချို့ဒေသတွေမှာ ဦးဆောင်သူကိုယ်တိုင်းက မသိရှိကြဘူးလို့ NUG အစိုးရဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောပါတယ်။
ဒါပေမယ့် ချင်းပြည်နယ်ထဲက ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်အပါအဝင် တချို့မြို့နယ်တွေမှာတော့ ဇီဝမျိုးစုံမျိုးကွဲတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ မေလဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် ငှက်ပစ်အမဲလိုက်တာကို မေလကစပြီး ဇူလိုင်လအထိ သုံးလတာတားမြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က ပြောပါတယ်။
“ဒီကာလမှာ စားဝတ်နေရေးအတွက် ပြည်သူတွေက တောင်ယာတွေ ပိုခုတ်ရတာ ပိုစိုက်ပျိုးရတာဆိုတော့ အရင်ကထက် တောပြုန်းလာမှုက သိသိသာသာရှိတယ်ပေါ့နော်။ တောပြုန်းလာတာတွေ ရှိတဲ့အပြင် နယ်တွေဘက်ကို စစ်ဘေးရှောင်တာတွေ အများကြီးရှိလာတဲ့အတွက် ချောင်းတွေ မြောင်းတွေမှာ သားငါး ရှာတာ၊ အခုလို ငှက်ပစ်တာတွေက ပိုများလာတယ်။ အရင်တုန်းက လောက်လေးဂွ၊ ညောင်စေ့ထောင်တာလောက်နဲ့က ရိုးရာ နည်းနဲ့က အထိအခိုက်မများပေမဲ့ ခုနောက်ပိုင်း လေသေနတ်တွေနဲ့ ငှက်ပစ်အမဲလိုက်တာပေါ့နော်။ အဲဒါတွေက ရိုးရာနည်းတွေထက် အများကြီး ဆိုးကျိုးများတယ်။ တနေ့ တနေ့မှာကို ငှက်အကောင် တရာလောက်ကို လေသေနတ်နဲ့ ပစ်ကြတယ်ပေါ့နော်။ ကျေးငှက်သားရကာတွေ သေဆုံးမှုတွေ၊ အမဲလိုက်မှုတွေ အဆမတန် မြင့်တက်လာတယ်။ အချိန်မီလည် ထိန်းသိမ်းဖို့ လိုတယ်။ နောင်ကိုမှ ထိန်းသိမ်းမယ်ဆိုရင် ထိန်းသိမ်းစရာ မရှိတဲ့အခြေအနေကို ဖြစ်သွားနိုင်တယ်” လို့ ကိုယောမာန်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ပြုလုပ်ခံရတာ ၂ နှစ်နီးပါးရှိလာပြီးဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေမှာ အောက်ချင်းငှက်၊ ကမ္ဘာ့မှာရှားပါးတဲ့ မျက်ခုံးမွှေးဖြူခြောက်ပြာငှက်၊ တောခွေး၊ ရှားပါး ဝက်ဝံ၊ သစ်ကြုတ်၊ တောကြောင်၊ တောင်ခြင်္သေ့တွေဟာ ထင်းရှားပြီး ခုချိန်မှာ အမဲလိုက်မှုတွေ တိုးလာတာကြောင့် အန္တရာယ်တွေ ကျရောက်နေပါတယ်။
တဖက်မှာလည်း တော်လှန်ရေးကာလ အထွေထွေ ကြပ်တည်းနေချိန် စားဝတ်နေရေး ခက်ခဲနေသူတွေကို သားငှက်တိရစ္ဆာန် ဖမ်းဆီးစားသုံးမှုကို ပိတ်ပင်လို့ မရနိုင်ပေးမဲ့ အပျော်တမ်းအမဲလိုက်တာ၊ ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီး ရောင်းချမှုတွေကို လက်ရှိအဖွဲ့အစည်းတွေ အားလုံးက တားမြစ်သင့်တယ်လို့ သားငှက်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
“မတတ်သာလို့ ဖမ်းဆီးစားသောက်နေရတဲ့ သူတွေကို ဘယ်အမျိုးအစားကတော့ ဘယ်လောက် ရှားနေတယ်ပေါ့နော်။ ဘယ်အမျိုးအစားကတော့ အရမ်းကို ရှားနေပြီး စသဖြင့် ဒါမျိုး သိအောင် လုပ်ပေးနိုင်ရတော့ ဒါကလည်း တနည်းအားဖြင့် ထိန်းသိမ်းရေးကို အထောက်အကူပြုတာပဲပေါ့။ ရှားပါးသားငှက်တိရစ္ဆာန်တွေ မြင်တွေ့နေရတဲ့ ခေါနုသုန်ဆိုတဲ့ အမျိုးသားဥယျာဉ်က မင်းတပ်မှာ တစိပ်တပိုင်းပါဝင်နေတာကိုး။ မင်းတပ်သာ မကပဲ အခြားဒေသတွေကလည်း ဒီလို စာမျိုး စံစံ၊ သူတို့ ဒေသနဲ့ ကိုက်ညီတဲ့ လိုက်လျောညီထွေ ရှိတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပေးနိုင်ရတော့ ပိုကောင်းမှာပေါ့။ အခုလိုမျိုးအခြေအနေ ကာလမှာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးက ဘယ်လိုမှ ရှေ့ဆက်လို့ မရတဲ့ အခြေအနေမှာ အဓိက အားဖြင့် ပဋိပက္ခဒေသတွေမှာတော့ လုံးဝ ရှေ့ဆက် မရတဲ့ အခြေအနေတွေကို တွေ့ရပါတယ်” လို့ သားငှက်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းရောင်းဝယ်ဖောက်ကားမှုတွေ၊ အမဲလိုက်မှုတွေ၊ ရှားပါးသားငှက်ရောင်းဝယ်ဖောက်ကားမှုတွေ ပိုမိုများပြားလာပေးမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ သုတေသနလုပ်ငန်းတွေ မလုပ်နိုင်သလို မြေပြင်အချက်အလက် ဒေတာတွေ မရနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ထိန်းသိမ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
photo social media ပုံဟောင်းများ