ဂန့်ဂေါမှာ ပီဒီအက်ဖ်နဲ့ဖြစ်တဲ့တိုက်ပွဲအတွင်း ပျူစောထီးတချို့သေဆုံး

မေ၊ ၂၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာပျူစောထီးတွေပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဒီကနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပျူစောထီးတချို့သေဆုံးတယ်လို့လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၁) တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပထမဆုံးအရပ်သားပုံစံဆိုင််ကယ်တစီးနဲ့ရှေ့ပြေးလွတ်တယ်သူတို့က။ အဲ့ကောင်လည်းမိုင်းမိသွားတယ်။ မိုင်းမိလို့ရော၊ပစ်ခတ်လို့မှန်တာရော ခုနစ်ဦးသေတယ်လို့ ကျနော်တို့ကြားထားတယ်။ ကျနော်တို့နာမည်နဲ့တကွအတည်ပြုနိုင်တာက ပျူစောထီးညီညီဆိုတဲ့သူ။ သူကမျက်နှာမှန်ပြီးသေတာ” လို့ ဂန့်ဂေါခရိုင်တပ်ရင်း -၁ တာဝန်ရှိသူကပြောပါတယ်။

ယောဒေသ၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းစခန်းကနေထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စနိုက်ဘာနဲ့ပစ်ခတ်တာမှာ မြောက်ခင်ရန်းကျေးရွာက စစ်ကောင်စီအဖွဲ့ဝင်တွေက စစ်ကူလာခဲ့တာဖြစ်ပါတယ်။

” တောင်ခင်ရန်းရဲစခန်းကနေ သူတို့အရင်ထွက်လာတာ။ အဲ့ဒါကိုစနိုက်ဘာနဲ့ပစ်တော့ စခန်းထဲပြန်ဝင်ပြေးသွားကြတယ်။ ပြီးတော့မြောက်ခင်ရန်းရွာက နေ တောင်ခင်ရန်းဘက်ကိုစစ်ကူလာကြတယ်။ အဲ့ဒီစစ်ကူလာတဲ့စစ်ကြောင်းနဲ့ဖြစ်တာပါ” လို့ ဂန့်ဂေါခရိုင်တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

မြောက်ခင်ရန်းကျေးရွာဟာ တောင်ခင်ရန်းရွာရဲ့မြောက်ဘက် လေးမိုင်အကွာမှာတည်ရှိတဲ့ ပျူစောထီးကျေးရွာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေတပ်စွဲထားတဲ့ကျေးရွာလည်းဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေဒဏ်ရာရသွားတဲ့သွေးကွက်တွေကိုလည်းတွေ့မြင်ခဲ့ရတယ်လို့လည်းအဲ့ဒီတာဝန်ရှိသူကပြောပါတယ်။

မြောက်ခင်ရန်းရွာကနေကားတစီး၊အင်အားငါးဆယ်ကျော်နဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မနက် ၈ နာရီကျော်ကနေ နေ့လယ်၂နာရီလောက်အထိအထိ၆နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ လည်းဆက်ပြောပါတယ်။

” ဟိုက်ပါဒရုန်းအဖွဲ့ပါမယ်။ CDF KKG၊ ခရိုင်တပ်ရင်း၊ပ.က.ဖ ပူးပေါင်းတိုက်ကြတယ်။ ဒရုန်းတွေနဲ့ရောကြဲချတယ်။ ကျနော်တို့ဘက်ကထိခိုက်မူမရှိဘူး။ ကျည်ငါးရာကျော်ကုန်တယ်။ ကျည်ဖိုးလိုတယ်ဗျ” လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မြောက်ခင်ရန်းရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ တောင်ခင်ရန်းရွာရဲစခန်းကို ညနေ ၃ နာရီလောက်မှာဝင်ရောက်ခဲ့ပြီး ၄ နာရီမှာမြောက်ခင်ရန်းကျေးရွာကိုပြန်လည်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

တောင်ခင်ရန်းရွာနဲ့မြောက်ခင်ရန်းရွာကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းတွေထောင်ပြီး အတားအဆီးလုပ်ထားပေမယ့် ထောင်ထားတဲ့မိုင်းတွေဟာ မိုခါမုန်တိုင်းကာလ မိုးများစဥ်မှာ ပေါက်ကွဲခဲ့တဲ့အတွက် များစွာနစ်နာရတယ်လို့လည်းဆိုပါတယ်။

ယခုလပိုင်းအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာရဲစခန်းက စစ်ထောက်လှမ်းရေးသိန်းဇော်ဆိုသူကို မေ ၁၁ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့သေဆုံးခဲ့ပါတယ်။

 အဲ့ဒီကတည်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တောင်ခင်ရန်းရွာကိုဖိနိုပ်မူတွေပြုလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်နေတာပါ။