မေ၊ ၂၄
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် ခလယ်လောကျယ်(ပနွယ်ဖိုးကလိုး)ကျေးရွာထဲကို မေလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာခရစ်ယာန်ဘာသာရေးကျောင်းတကျောင်းအပါအဝင် အဆောက်အအုံ ရှစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
“ အားလုံးတိတ်ဆိတ်နေတဲ့အချိန်ပဲ ဗုံးလာကြဲချသွားတာလေ၊ လူတွေ ဘာမှမဖြစ်ဘူး။ ညတွင်းချင်းပဲ ရွာကလူတွေ အကုန်လုံးနီးပါးပဲ ထွက်ပြေးနေရတာပေါ၊ ကုန်ပြီရွာမှာ ဘယ်သူမှ မရှိတော့ဘူးထင်တယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့က မေလ ၂၃ ရက် ည ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်ဖိုက်တာ လေယာဉ်နဲ့ ခလယ်လောကျယ် (ပနွယ်ဖိုးကလိုး) ကျေးရွာထဲကို ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ခရစ်ယာန်ဘာသာရေးကျောင်းအပါအဝင် အဆောက်အအုံ ရှစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်အထိ မြန်မာနိုင်ငံတဝှမ်းမှာ ဘာသာရေးအဆောက်အအုံ ၁၆၃ ခုဖျက်စီးခံထားရတယ်လို့ လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းကပြုစုပြီးဖော်ပြချက်အရသိရပါတယ်။
ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြုစုတာဖြစ်ပြီး မီးရှို့ခံရတာ၊ လက်နက်ကြီးထိတာ၊ လေကြောင်းကဗုံးကြဲတာတွေကြောင့် ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ဗလီတွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ(၃၀၀)နီးပါးရှိတဲ့ ပနွယ်ဖိုးကလိုးကျေးရွာနေပြည်သူတွေက တော့ ဘေးလွတ်ရာကို တော၊ တောင်ဥယာဉ်ခြံမြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော နေထိုင်စားသောက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ကော့ကရိတ်မြို့နယ်မှ စစ်ရှောင်အကူအညီပေးနေသူတဦးက ပြောပါတယ်။
“ ရွာခံကတော့ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိမယ်၊ အခု သူတို့ နေထိုင်ဖို့နဲ့ စားဖို့ နည်းနည်းခက်ခဲရှိနေတယ်လို့ ကြားထားရတယ်၊ အဲဒါကို အကူအညီပေးနိုင်ဖို့ ကျွန်တော်တို့ ချိတ်နေတုန်းပါပဲ” လို့ အဲဒီအကူအညီပေးနေသူက ပြောပါတယ်။
ယခုလိုလေယာဉ်နဲ့ ဗုံးကြဲမတိုက်ခိုက်ခင်မှာ ပနွယ်ဖိုးကလိုးကျေးရွာအပြင်ဘက်တွေမှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့တို့အကြား သုံး ရက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယခုလို ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ရွာအပြင်ဘက်မှာတော့ နည်းနည်းအလှမ်းဝေးတယ်၊ အဲဘက်မှာ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်ရှိပြီးပေါ့၊ ရွာအထဲပိုင်းမှာတော့ မဖြစ်ဘူး၊ အဲဒီတိုက်ပွဲကြောင့်ပဲ ဖြစ်မယ်၊ အခု ရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲလိုက်တာကလေ။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဒုတိယပတ်ထဲမှာလည်း ပနွယ်ဖိုးကလိုးကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခဲ့ရာ မှာ အရပ်သားတဦးဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦတချို့လည်း ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ နိုင်ငံတဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု (၁၄၂၇) ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ကရင်ပြည်နယ်က (၃၂၂)ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခံခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသန အဖွဲ့က ထုတ်ပြန်ထားတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။