မြန်မာကမုန်တိုင်းသင့်ဒေသတွေအတွက် အမေရိကန်က ကန်ဒေါ်လာဆယ့်ခုနစ်သန်း ထပ်မံကူညီမယ်

မေ၊ ၂၄
 
မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံက ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအဖြစ် ကန်ဒေါ်လာ (၁၇)သန်းနီးပါး ထပ်တိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
အဲ့ဒီကူညီထောက်ပံ့မှုကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီဟာ အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်နိုင်ဖို့ဖြစ်တယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ထောက်ပံ့မှုအများဆုံးလိုအပ်နေတဲ့ လူ့အသိုက်အဝန်းတွေဆီ အကူအညီပေးရေးအဖွဲ့အစည်းတွေ အလွယ်တကူရောက်ရှိနိုင်ဖို့နဲ့ အကူအညီတွေပေးအပ်နိုင်ဖို့ဟာ အလွန်အရေးကြီးတယ်လို့လည်း တဆက်တည်းဖော်ပြထားပါတယ်။
 
အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက မုန်တိုင်းသင့်ဒေသတွေအတွက် ကနဦးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာနှစ်သိန်း ကူညီမယ်လို့ မိုခါမုန်တိုင်းဝင်ရောက်ခဲ့အပြီး ရက်ပိုင်းအကြာမှာ ထုတ်ပြန်ထားပါသေးတယ်။
 
ရခိုင်ပြည်နယ်ကို အဓိကဦးတည်ရိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လူဦးရေသန်းနဲ့ချီ မုန်တိုင်းသင့်ခဲ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းသင့်ပြည်သူတွေကို ရိက္ခာ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၃၇၅)သန်းလောက် လိုအပ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
 
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ တသန်းခွဲကျော်လောက် တန်ဖိုးရှိတဲ့ သဘာဝဘေးကူညီရေးပစ္စည်းတွေ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
 
ဗြိတိန်နိုင်ငံကတော့ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲကို အကူအညီအများဆုံး လိုအပ်နေသူတွေအတွက် ရေသန့်နဲ့ မိုးကာတွေ အထောက်အပံ့ပေးမှာဖြစ်သလို နောက်ဆက်တွဲရောဂါအန္တရာယ်တွေ လျော့ပါစေဖို့အတွက်လည်း ကူညီပေးမယ်လို့ ကြေညာထားပါတယ်။
 
ဒီလိုကြေညာချက်တွေရှိနေပေမယ့် မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ကူညီနိုင်ရေးအတွက် စစ်ကောင်စီဆီက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက ပြောထားကြပါတယ်။
 
ဒါ့အပြင် ပြည်တွင်းမှာလည်း စစ်ကောင်စီက မုန်တိုင်းသင့်ဒေသခံတွေကို ကူညီနေတဲ့ စစ်တွေမြို့က စာရေးဆရာနဲ့ ပရဟိတအရေးဆောင်ရွက်နေသူ ဝေဟင်အောင်ကို မနေ့က ဖမ်းဆီးခဲ့ပါတယ်။ ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
 
မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် သီတင်းပတ်တခုဝန်းကျင်အကြာ ဒီကနေ့အထိ ရခိုင်ပြည်နယ်တွင်းက ကျေးလက်ဒေသတွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့က မုန်တိုင်းသင့်ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ မရကြသေးဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG တော့ မိုခါမုန်တိုင်းဘေးတုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ တသန်း မတည်ထားတယ်လို့ဆိုထားပြီး မေလ (၁၉)ရက်အထိ ကျပ်သိန်းရှစ်ရာကျော် သုံးစွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။