အိုလံပစ်ဖွင့်ပွဲအတွက် လုံခြုံရေးအထူးတင်းကျပ်ထားမယ်လို့ ပြင်သစ်အာဏာပိုင်တွေပြော

မေ၊ ၂၄

၂၀၂၄ ခုနှစ် ပါရီ အိုလံပစ် ဖွင့်ပွဲ အခမ်းအနားမှာ ဒရုန်းတိုက်ခိုက်မှုတွေ ကြုံလာနိုင်ခြေ အပါအဝင် ခြိမ်းခြောက်မှု အားလုံးအတွက် လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားမယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲနေ့မှာ စစ်တပ်နဲ့ ရဲအင်အား စုစုပေါင်း ၃၅၀၀၀ လောက်ထိ လုံခြုံရေး ဖြန့်ကျက်ထားမယ်လို့ ဆိုပါတယ်။ အဲဒီ အိုလံပစ် ဖွင့်ပွဲကို ဆိန်းမြစ်ကြောင်း တလျှောက်မှာ လှေတွေနဲ့ လှည့်လည် ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမားတွေ၊ တာဝန်ရှိသူတွေ ပါဝင်ကြမှာပါ။

ဆိန်းမြစ်ထဲမှာ ၆ ကီလိုမီတာ ရှည်လျားတဲ့ ရေလမ်းကြောင်းအတိုင်း အခမ်းအနား ကျင်းပနေချိန် မြစ်ကမ်းဘေးတလျှောက်မှာ လူ ၆ သိန်းကျော်လောက် လာရောက် အားပေး ကြည့်ရှုနေမယ်လို့လည်း မျှော်လင့်ရပါတယ်။ 

မျက်မှောက်ကာလမှာတော့ ဒရုန်းတွေဟာ အကြမ်းဖက် တိုက်ခိုက်မှု ပုံစံသစ်တခုအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာနေကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂါရဲလ် ဒါမာနင်က ပြောပါတယ်။ သမားရိုးကျ ခြိမ်းခြောက်မှု ပုံစံဟောင်းတွေနဲ့ ပတ်သက်လို့ အများကြီး ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ လူတဦးက လက်နက်၊ ဒါမှမဟုတ် ဗုံးသယ်လာရင် ဘယ်လို ထောက်လှမ်းရမလဲ၊ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သေချာ နားလည်ထားကြောင်း၊ ဒါပေမဲ့ ဒရုန်းခေတ် ရောက်လာတဲ့အခါ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ထားတဲ့ ဒရုန်းတွေက လူစုလူဝေးအတွက် ခြိမ်းခြောက်မှု ပုံစံသစ် ဖြစ်လာကြောင်း၊  ဒီလို တိုက်ခိုက်မှုမျိုး လက်တွေ့ ဖြစ်လာမလာ မပြောနိုင်သေးပေမယ့် တားဆီးဖို့ အခက်ဆုံးလို့ ယူဆနိုင်ကြောင်း ဒါမာနင်က မှတ်ချက် ပေးခဲ့ပါတယ်။

နွေရာသီ အိုလံပစ် ပြိုင်ပွဲတွေရဲ့ သမိုင်းကြောင်းတလျှောက် အားကစားရုံ တခုရဲ့ ပြင်ပမှာ ပထမဆုံးအကြိမ် ဖွင့်ပွဲ ကျင်းပမှုအဖြစ် ပါရီ အိုလံပစ်က မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။ နောက်ပြီး ပြိုင်ပွဲ စီစဉ် ကျင်းပသူတွေက အိုလံပစ် မီးရှူးတိုင်ကိုလည်း သီးသန့်နေရာ မစီစဉ်ဘဲ ပါရီမြို့ဂုဏ်ဆောင် အိုင်ဖယ်လ် မျှော်စင်ကြီးမှာ ထွန်းညှိထားဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ မီးရှူးတိုင် တပ်ဆင်ထားတဲ့ နေရာဟာ မျှော်စင် ထိပ်ဖျားမှာ ဟုတ်မဟုတ် ဆိုတာတော့ မသေချာသေးပါဘူး။

၂၀၂၄ ခုနှစ်၊ နွေရာသီ အိုလံပစ် ပြိုင်ပွဲကို ပါရီမြို့တော်မှာ ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၁ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

Ref: BBC