မေ၊ ၂၄
ပြိုင်ဘက် ကစားသမားကို လူမျိုးရေး ခွဲခြား လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကြောင့် စပိန်ကလပ် ဗလန်စီယာဟာ ဒဏ်ငွေရော၊ ကွင်းပိတ်ပြစ်ဒဏ်ပါ ချမှတ် ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဗလန်စီယာ အသင်းရဲ့ မက်စ်တဲလား ကွင်းကြီးထဲမှာ အိမ်ရှင် ပရိသတ်တွေက ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီး တိုက်စစ်မှူး ဗင်နစ်ရှပ်စ် ဂျူနီယာကို ဝိုင်းဝန်းအော်ဟစ် လှောင်ပြောင်ပြီး လူမျိုးရေး ခွဲခြားခဲ့တဲ့ လုပ်ရပ်ဟာ လတ်တလော ဘောလုံးလောကမှာ လူပြောအများဆုံး ကိစ္စတခု ဖြစ်လာပါတယ်။
စိတ်ထိခိုက်ပြီး ဒေါသလည်း ထွက်နေတဲ့ ဗင်နစ်ရှပ်စ်ဟာ ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့သလို ပြိုင်ဘက် ကစားသမား တဦးကိုပါ ကိုယ်ထိလက်ရောက် တွန်းထိုးမှုတာကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် ၂၂ နှစ်အရွယ် ဗင်နစ်ရှပ်စ်ကို နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်မှာ မဟုတ်ဘူးလို့ စပိန် ဘောလုံးအဖွဲ့ချုပ် (REEF)က အတည်ပြုသွားပါတယ်။
ဗလန်စီယာ အသင်းဟာ ဒဏ်ကြေးအဖြစ် ယူရို ၄၅၀၀၀ ပေးဆောင်ရမယ့်အပြင် လာမယ့် အိမ်ကွင်းပွဲစဉ် ၅ ခုကိုလည်း ပရိသတ် အရေအတွက် သိသိသာသာ လျှော့ချပြီး ကန့်သတ် ကွင်းပိတ်ပြစ်ဒဏ် ကျခံရတဲ့ အခြေအနေနဲ့ ကစားရမှာပါ။ ဒီပြစ်ဒဏ်ကို မကျေနပ်ရင် ဗလန်စီယာ အနေနဲ့ ၁၀ ရက်အတွင်း အယူခံ ဝင်ပိုင်ခွင့် ရှိတယ်လို့လည်း REEFက ဆိုပါတယ်။
REEFက ဗင်နစ်ရှပ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ အချက်အလက် သီးသန့်ကို အခြေခံခဲ့ပြီး အဲဒီအချိန်တုန်းက ဒိုင်အနေနဲ့ ဘာတွေ ကြုံနေရတယ် ဆိုတာကို တိတိကျကျ သရုပ်ခွဲဖို့ မဖြစ်နိုင်ခဲ့ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
ဗလန်စီယာက ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါ အမှတ်ပေး ပွဲစဉ်မှာ မက်စ်တဲလား ကွင်းအနှံ့ကနေ ဗင်နစ်ရှပ်စ်ကို လူမျိုးရေး ခွဲခြား လှောင်ပြောင်တဲ့၊ ဆဲဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဒီဖြစ်စဉ်ကို မုန်းတီးမှု အခြေခံ ရာဇဝတ်မှု တခုအဖြစ် စပိန် ရှေ့နေချုပ်ရုံးဆီ အသိပေး တိုင်ကြားထားပါတယ်။
ဗင်နစ်ရှပ်စ်ဟာ ပြိုင်ဘက် ပရိသတ်တွေရဲ့ မကြာခဏ လူမျိုးရေးခွဲခြား စော်ကားမှုတွေကို ကြုံတွေ့ခဲ့ရပြီး အခုနောက်ဆုံး ဖြစ်ရပ်ကတော့ အထင်ရှားဆုံး ပြဿနာ ဖြစ်လာပါတယ်။ သူ့ကို ဘောလုံးကမ္ဘာ တခုလုံးက ဝိုင်းဝန်း အားပေး ထောက်ခံကြသလို ဗင်နစ်ရှပ်စ် လူမျိုးရေး ခွဲခြားခံရမှုနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် တုံ့ပြန်ပေးဖို့ ဘရာဇီး အစိုးရကလည်း စပိန် အာဏာပိုင်တွေဆီ ဖိအားပေး တောင်းဆိုထားပါတယ်။
Ref: BBC