စစ်ကောင်စီလက်ထက် ဆန်ဈေးတွေ ဘာ့ကြောင့် တက်နေတာလဲ
မေ၊ ၂၄
#မောင်စီးပွား
မြန်မာနိုင်ငံမှာ ဆန်ကို အဓိကထား စားသုံးကြပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်က အဓိက အစားအစာအဖြစ် စားသုံးနေကြတာပါ။
အခုတော့ ဆန်ဈေးတွေက အဆင်မတန်မြင့်တက်လာနေပြီး ဆန်ချောတအိတ် ကျပ်တသိန်းကျော်ကို ရောက်ရှိလာနေပါပြီ။ ဒါဟာ အလုပ်အကိုင်ရှား၊ ဝင်ငွေနည်းပြီး အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ဒဏ်ကို ခံစားနေရတဲ့ အခြေခံပြည်သူတွေအတွက်တော့ တကယ့်အခက်အခဲကြီးပါ။
ဒီနှစ်ဇန်နဝါရီလလောက်မှာ ဆန်ကြမ်းတအိတ် ငါးသောင်းငါးထောင်ကျပ်ဝန်းကျင်ကနေ အခုတော့ တအိတ် ခုနှစ်သောင်း ကျပ်ဖြစ်နေပါပြီ။ဒီလိုပဲ အရင်က ဆန်ချောတအိတ် ကျပ်ခုနှစ်သောင်းခွဲကနေအခုဆို တသိန်းပတ်ချာလည်ဖြစ်နေပါပြီ။ ဆန်ဈေးတွေဟာ ကာလတိုအတွင်း မြင့်တက်သွားတာဖြစ်ပါတယ်။
ဒီတော့ မေးခွန်းက ဆန်ဈေးတွေ ဘာ့ကြောင့် မြင့်တက်လာနေတာပါလဲ။
ဆန်ဈေးတက်ရတဲ့ အဓိကအကြောင်းရင်းက ငါးချက်လောက်ရှိပါတယ်။ အဲဒါတွေက
(၁) စိုက်ဧကလျော့ကျမှုနဲ့ အထွက်နှုန်းကျဆင်းမှု
(၂) ပို့ကုန်မြင့်တက်လာမှု
(၃) အထွေထွေသယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု
(၄) သွင်းအားစုဈေး မြင့်တက်လာမှု
(၅) ဈေးကစားမှုဆိုတဲ့ အကြောင်းရင်း ငါး ချက်ပါ။
(၁) စိုက်ဧကလျော့ကျမှုနဲ့ အထွက်နှုန်းကျဆင်းမှု
အရင်ခေတ်တွေတုန်းကတော့ အထွက်နှုန်းကျဆင်းတယ်ဆိုတာက ပိုးဖျက်လို့၊ မိုးဖျက်လို့နဲ့ ဥတုဘေးကြောင့် အဖြစ်များပါတယ်။ အခုတော့ ဒီလိုမဟုတ်ပါဘူး။
နွေဦးတော်လှန်ရေးစကတည်းက အထက်အညာမှာ ဗုံးကြဲခံရ၊ စစ်ကြောင်းထိုးခံရ၊ ရွာလုံးကျွတ် မီးရှို့ခံနေကြရတာ အားလုံးအသိပါ။ စစ်ဘေးဒုက္ခသည်တွေ၊ ရွာလုံးကျွတ်ထွက်ပြေးရတာတွေ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေက တဖြည်းဖြည်းတိုးပွားလာနေပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းတို့တွေမှာလည်း တော်လှန်စစ်တွေနဲ့ မငြိမ်မသက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ သူတို့ရဲ့ မူလပင်မအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးအလုပ်ကို စွန့်ပစ်ပြီး အသက်ဘေးလု ရပ်တည် နေရပါတယ်။
စိုက်ပျိုးရေးအလုပ်ကို မလုပ်ရတော့ အထွက်နှုန်းက ကျပါတယ်။ တဖက်မှာလည်း ဆန်တင်ပို့မှုက အားကောင်းနေပြန်တော့ အဝယ်က လိုက်နေပါတယ်။ ဒီတော သဘောတရားအရပြောရင် ကုန်ပစ္စည်းကနည်း ဝယ်သူများတဲ့အခါ အရောင်းအဝယ်သဘောအရ ဈေးတက်တာ ဖြစ်ပါတယ်။
တကယ်တော့ အထွက်နှုန်းကျတယ်ဆိုတာက အထက်အညာမှာမှမဟုတ်ပါဘူး။ မနှစ်က အောက်တိုဘာလမှာ ရခိုင်ကို မုန်တိုင်းဝင်ရောက်မှု၊ပင်လယ်ရေဝင်ရောက်မှုနဲ့ မိုးခေါင်မှုတွေကြောင့် စုစုပေါင်း စပါးစိုက်ဧက တသိန်းခွဲလောက် ပျက်စီးပြီး တနှစ်အောက်သွားပါတယ်။ ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၈ ဒဿမ ၅ သိန်းလောက်ရှိပြီး မနှစ်ကတော့ ဧက ရဒဿမ ၅ သိန်းလောက်ပဲ စိုက်ပျိုးနိုင်ခဲ့တာပါ။ ဒါ့ကြောင့် စိုက်ဧကကျဆင်းသွားလို့ အထွက်နှုန်းလည်းကျဆင်းပြီး ဒီနှစ်မှာတော့ စပါးဈေးတက်ပြီး ဆန်ဈေးလည်း တက်လာရတာပါ။
မွန်ပြည်နယ်ဘက်မှာလည်း ပြီးခဲ့တဲ့နှစ်ပိုးဖျက်လို့ စပါးအထွက်နှုန်းတယ်လို့ တောင်သူတွေက ပြောပါတယ်။ စပါးဈေးက မကြုံစဖူးကောင်းနေပေမယ့် ပိုးဖျက်လို့ စပါးအထွက်နှုန်းနည်းတာကြောင့် တောင်သူတွေအတွက်တော့ အရင်းသာသာပဲရတာပါ။ စပါးဈေးကောင်းတော့ ဆန်ဈေးလည်း တက်လာတာဖြစ်ပါတယ်။
(၂) ကမ္ဘာ့ဆန်ဈေး ကောင်းပြီး ပို့ကုန်မြင့်တက်လာမှု
ကမ္ဘာ့ဆန်ဈေးကွက်မှာ အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှုမူဝါဒအပြောင်းအလဲကြောင့် ဆန်ဈေးတွေက မြင့်တက်နေပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကနေ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ဒဿမ ၂၆ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၈၅၃ ဒဿမ ၄၇၂ ရရှိခဲ့ပါတယ်။ သူ့အရင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တုန်းကတော့ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ဒဿမ ၁၆ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၈၀၉ သန်းကျော် ရရှိခဲ့ပါတယ်။
ဒီနှစ်တွေကို ယှဉ်ကြည့်တဲ့အခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ သူ့အရင်နှစ်ထက် တန်ချိန် တသိန်းကျော်လောက် ပိုပြီးတင်ပို့နိုင်ခဲ့တာပါ။ပြီးတော့ ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၅၀ လောက် ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းတွေဟာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေဖြစ်ပါတယ်။
ဒီစာရင်းတွေကို စာရင်းအရ အနှစ်ချုပ်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ဆန်တန်ချိန် တသိန်း လောက်ပဲ ပိုတင်ပို့နိုင်ခဲ့တယ် ဆိုတာတွေ့ရမှာပါ။ ဒါပေမယ့် ပြည်တွင်းမှာ စပါးစိုက်ဧက လျော့ကျလာတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ကုန်သည်တွေ အဝယ်များပြီး ဆန်ဈေးတွေ ကောင်းနေရတာပါ။
(၃) အထွေထွေသယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု
အထွေထွေသယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်လာတာကလည်း ဆန်စပါးဈေးမြင့်တက်လာရတဲ့ အကြောင်းရင်းတချက်ပါ။ နိုင်ငံအတွင်းမှာ ကြိုးနီစနစ်ပြန်လည်အသက်ဝင် နေပါပြီ။ တနယ်ကနေ တနယ်ကို ဖြတ်သန်းတဲ့အခါ ခွင့်ပြုချက်ရဖို့၊ လိုင်စင်တွေရဖို့နဲ့ ဂိတ်ဖြတ်သန်းကြေးတွေပေးဖို့ ဆိုတာတွေကလည်း မဖြစ်မနေလိုအပ်တဲ့ အခြေအနေတွေပါ။
တဖက်မှာလည်း လျှပ်စစ်မီးပြတ်မှုနဲ့ စက်သုံးဆီရှားပါးမှုကလည်း အထွေထွေသယ်ယူပို့ဆောင် စရိတ်ကြီးမြင့်မှုအတွက် အဓိကပြဿနာဖြစ်လာပါတယ်။ မီးပြတ်လို့ ဆန်စက်တွေမလည်နိုင်တာ၊ မဖြစ်မနေလည်ရမယ်ဆို စက်သုံးဆီကို အခက်အခဲအမျိုးမျိုးကြာက ဝယ်နေရတာတွေက ကုန်ကျစရိတ်ပိုမိုလာနေပါတယ်။ ဒီလို စရိတ်စကတွေကြီးလာလို့ ဆန်ဈေးတွေ မြင့်တက်လာရတာလို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။
(၄) သွင်းအားစုဈေးမြင့်တက်မှု
သွင်းအားစုဈေးမြင့်တက်လာမှုကလည်း ဆန်ဈေးမြင့်တက်မှုမှာ ချန်ထားခဲ့လို့မရပါဘူး။ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ လုပ်အားခ၊ စက်ငှားခ၊ ထွန်ယက်စိုက်ပျိုးခ၊ ရိတ်သိမ်းခြွေလှေ့ခ ဒါတွေအားလုံး ဈေးတက်နေတာဖြစ်ပါတယ်။ အခုဆို ဓာတ်မြေဩဇာတစ်အိတ်ကို ကျပ်တသိန်းဝန်းကျင်ရှိလာနေပါပြီ။ ဒါ့ကြောင့် အရင်ကဆို လယ်တဧကရဲ့ သွင်းအားစုစရိတ်က သုံးသိန်းပတ်လည်သာရှိပေမယ့် အခုဆို ခြောက်သိန်းလောက်ရှိနေပါပြီ။ ဒါ့ကြောင့်လည်း စပါးဈေးတွေမြင့်တက်သွားပြီး ဆန်ဈေးတွေလည်း မြင့်တက်သွားတာဖြစ်ပါတယ်။
(၅) ကုန်သည်များဈေးကစားမှု
ကုန်သည်ကြီးတွေက စပါးမပေါ်ခင်ငွေကြိုပေး၊ ဖြတ်ဈေးနဲ့ တောင်သူတွေဆီက စပါးကို သိမ်းကြပါတယ်။ ပြီးရင် လှောင်ကြပါတယ်။ ဈေးတက်တဲ့အချိန်မှာ တောင်သူလက်ထဲစပါးမရှိတော့ပါဘူး။ တဖက်မှာလည်း ဆန်ဈေးကကောင်းနေတော့ စပါးလှောင်သူတွေ အလုပ်ဖြစ်လာပါတယ်။ ဒါကတော့ နှစ်တိုင်းဖြစ်နေတဲ့ ကိစ္စဖြစ်ပြီး မထိန်းချုပ်နိုင်တဲ့အချိန်မှာတော့ ပိုဆိုးလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးမကစားကြဖို့ ကုန်သည်တွေကို သတိပေးပါတယ်။
မေလ ၂၀ ရက်စားသုံးရေးရာဦးစီးဌာနက ကြေညာချက်တစ်ခုထုတ်ပြန်ရာမှာ ဆန်လှောင်ပြီး ဈေးကစားသူတွေကို အရေးယူမယ့်အချက်တွေကို တွေ့လာရပါတယ်။ အဲဒါကတော့ ဆန်အိတ် တထောင် နဲ့ စပါးတင်း ငါးထောင် အထက် သိုလှောင်မယ်ဆိုရင် စားသုံးသူရေးရာ ဦးစီးဌာနမှာ မှတ်ပုံတင်ရမယ်လို့ ဆိုတာပါ။ သမာရိုးကျ ဈေးကွက်တုံ့ပြန်ချက်ကြောင့် ဈေးတက်တာမျိုးမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ အမြတ်များများရယူလိုမှု ဈေးကစားလိုမှုတွေအတွက် သိုလှောင်မှုတွေကို ထိန်းချုပ်သွားဖို့ရှိနေတာပါ။
▪ကျပ်တည်းလာတဲ့လူထုဘဝ
စစ်ကောင်စီလက်ထက်မှာ ဆန်ဈေးမြင့်တက်လာမှု ပြည်သူတွေရဲ့ ဘဝကို ပိုပြီး ခက်ခဲလာစေပါတယ်။ ဆန်တပြည် သုံးထောင် ဝန်းကျင်လောက်ဖြစ်နေပေမယ့် ဝင်ငွေတွေက တိုးမလာပါဘူး။ တခြားသော အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာမှုကလည်း ပြည်သူတွေရဲ့စားဝတ်နေရေးကို ပိုပြီ ခက်ခဲလာပါတယ်။ တဖက်မှာလည်း ဆန်ဈေးကောင်းနေပေမယ့် ကျောမွဲတောင်သူ တွေကတော့ အကျိုးမခံစားရပါဘူး။ သွင်းအားစုစရိတ်တွေက မြင့်တက်၊ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကြီးမြင့်လာတာကြောင့်ပါ။ ကုန်သည်ကြီးတချို့ကတော့ ဆန်ကိုလှောင်၊ စပါးကိုလှောင်ပြီး ခေတ်ပျက်မှာအစွမ်းကုန် အမြတ်ထုတ်နေကြဆဲပါ။
ဒီကြားထဲက အားလုံးအတွက် အဆင်ပြေမယ့် အဖြေတခုကိုတော့ ရှာဖွေဖို့ လိုနေပါပြီ။