တပ်ကြပ်ကြီးသမီးကို အဓမ္မပြုကျင့်တယ်ဆိုကာ ပြည်မြို့စစ်ကောင်စီဥက္ကဌ ဗိုလ်မှူး တိုင်ကြားခံရ

မေ၊ ၂၃
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် စစ်ကောင်စီဥက္ကဌ ဗိုလ်မှူးစိုပြေလင်းဟာ တပ်ကြပ်ကြီးတဦးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မကျူးလွန်ခဲ့တယ်လို့ဆိုကာ တိုင်ကြားခံထားရတယ်လို့ ပြည်မြို့က တပ်တွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
 
” မိဘတွေက မသိကြဘူး၊ တပ်ထဲမှာတော့ အဲ့သတင်းက ပြန့်နေတာကြာပြီ၊ သူတို့သိတာ အရင်လကုန်လောက်ကမှ သိတာ၊ ဒါပေမဲ့ မတိုင်ရဲကြဘူး၊ ပင်စင်နီးနေပြီ၊ အခုရက်ထဲကျမှ ရှက်တာနဲ့ တိုင်လိုက်တာလို့ ကြားတယ်၊ အမှုဖွင့်ပေးမပေးတော့ မသိဘူး ” လို့ အဲ့ဒီတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
 
ဗိုလ်မှူးစိုပြေလင်းကဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦးရဲ့သမီး အသက်နှစ်ဆယ်ဝန်းကျင်အမျိုးသမီးကို အကြိမ်ကြိမ်အဓမ္မကျူးလွန်မှုနဲ့ တိုင်ကြားခံထားရတာလို့ ဆိုပါတယ်။
 
” သူ (ဗိုလ်မှူးစိုပြေလင်း)က သူ့တပ် ဗိုလ်မှူးကြီးနဲ့ ပိုင်တယ် (ဒကစ)တပ်ကပဲ၊ အလုပ်လည်း အရမ်းလုပ်တော့ အခုချိန်မှာငွေရှာပေးနိုင်တယ်၊ စစ်ကောင်စီကလုပ်တဲ့ပွဲတွေ တော်တော်များများကို သူကပဲ ဦးဆောင်ကျင်းပတာပေါ့၊ အခုတောင် ရှောင်ခိုင်းထားတာဖြစ်မယ် တပ်ထဲမှာ မတွေ့တာကြာပြီ ” လို့ DNA ရဲ့တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
 
အဲ့ဒီလိုတိုင်ကြားခံရမှုနဲ့ပတ်သက်လို့ တိုင်ကြားတဲ့ တပ်ကြပ်ကြီးမိသားစုကို တပ်တွင်းအရာရှိကြီးတွေက ညှိုနှိုင်းမှုတွေလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
 
DVB သတင်းဌာနကတော့ ဒီအမှုနဲ့ပတ်သက်လို့ တပ်တွင်းစုံခုံစစ်ဆေးမှုစတင်နေပြီး တိုင်ကြားသူဘက်ကို စစ်ဆေးနေချိန်မှာ ဗိုလ်မှူးစိုပြေလင်းပျောက်နေတာလို့ ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – Google