ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၆၄ ဦးထဲမှာအရပ်သား၅၄ ဦးပါဝင်

မေ၊ ၂၃

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၄ ဦးမှာ အရပ်သားတွေ ဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က ပြောပါတယ်။ 

အာဏာသိမ်းချိန်းမှ ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၇၀၀ နီးပါး ဖြစ်ပွါသလိုလူပေါင်း၄၄၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ICAကမေလ၂၂ရက်မနေ့ကထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်၆၄ဦးသေဆုံးရာမှာချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး (၁၅ရာခိုင်နှုန်း)သာ သေဆုံးကာအရပ်သား ၅၄ ဦး (၈၅ရာခိုင်နှုန်း) သေဆုံးခဲ့တယ်လို့ICA လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံ ကပြောပါတယ်။ 

“ဒါကို ကျွန်တော် ဥပမာတခုပြောပြရမယ်ဆိုရင် ၂၀၂၃ ဧပြီလထဲမှာဖြစ်မယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CNDF ကနေမှ တပ်စခန်းကို သိမ်းပိုက်တာ၊ သူတို့က လေယာဉ်စစ်ကူကို တောင်းလိုက်တယ်။ လေယာဉ်စစ်ကူက သူတို့တပ်စခန်းကို သိမ်းခံရထားရတယ်ဆိုတော့ ရမ်းတမ်းပြီး လာပစ်လိုက်တာပဲ။ တကယ့် တိုက်ပွဲဖြစ်တဲ့ နေရာက စခန်းမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဗုံးသွားကြဲတာက ဝေဘူလရယ်၊ ထန်တလန်ရယ်မှာ သွားကြဲတယ်။ ဘာမှ တိုက်ပွဲနေရာနဲ့ မဆိုင်ဘူး။ ဒါက စစ်ကောင်စီဘက်က အကျအဆုံးများလာရင် ဒေသခံ ပြည်သူတွေအပေါ်မှာ ပိုပြီးတော့ ရက်စက်လာမှုနဲ့ တိုက်ရိုက်အချိုးကျမယ်” လို့ သူက ပြောပါတယ်။ 

ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFကဖလမ်းမြို့နဲ့၁၂မိုင်အကွာက အင်အား၂၅ဦးရှိတဲ့စစ်ကောင်စီအထိုင်စခန်းကိုဧပြီလ၁၀ရက်ကဝင်ရောက်တိုက်ခိုက်တဲ့အတွက်စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့်တဦးအပါအဝင်၁၄သေဆုံးပြီး၁၁ဖမ်းဆီးရခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလေကြောင်းကတိုက်ခိုက်တာကြောင့်ဝေဘူလမြို့က အရပ်သားရှစ်ဦးထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း ၄၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အဦးပေါင်း ၁၄၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။  

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ထန်တလန်မြို့နယ်မှာ ၁၆ ကြိမ်၊ မင်းတပ်မြို့နယ်မှာ ၁၃ ကြိမ်၊ ချင်းတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ၁၀ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခံရပြီး တခြားမြို့နယ်တွေလည်း တိုက်ခိုက်ခံထားရပါတယ်။ 

“စစ်ကောင်စီက လေကြောင်းသုံးအပြုတိုက်ခိုက်မှုက ချင်းပြည်နယ်တခုထဲတင် များပြားလာတာမဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ၂၀၂၃ နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပိုများလာတယ်။ ကျနော်တို့ သုံးသပ်ရသလောက် ဆိုရင် စစ်ကောင်စီက လူအင်အား မလုံလောက်မှုရယ်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှု ပိုများလာတာရယ်ကြောင့် လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာတယ်”လို့ ICA မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံပြောပါတယ်။ 

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၁ ခုနှစ်မှာ သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ ၁၆ ကြိမ်မှာ ဗုံး ၂၅ လုံးထက်မနည်း ကြဲချခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုခဲ့ပြီး လေးလတာကာလအတွင်း ၅၅ ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းဥပဒေတွေကို သူတို့ ဘယ်လောက်ချိုုးဖောက်နေသလဲဆိုတာကို သူတို့ကိုယ်၊ သူတို့လည်းသုံးသပ်သင့်တယ်။ စစ်ကောင်စီဆိုတာ မြန်မာနိုင်ငံရဲ့ စစ်တပ်တစ်ခုဖြစ်ခဲ့တယ်။ ဒါတွေဟာ တရားပြန်စွဲခံရမယ်။ ICJ ကနေ ရုံးတင်မယ်ဆိုရင်လည်း တနိုင်ငံလုံးအနေနဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြည်သူတွေ ဒီလောက်အထိ မလိုလာတာကို လုပ်နေမိသလားဆိုတာ ပြန်စဉ်းစားသင့်တယ်”လို့ ICA မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံ ပြောပါတယ်။

နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို အမြောက်အများချိုးဖောက်နေမှုကို ထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံးသင့်နေပြီးဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က တောင်းဆိုပါတယ်။ 

စစ်ကောင်စီဟာ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို ၂၀၂၁ ခုနှစ်မှာ ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၂၀ ကြိမ်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနဲ့ ဧပြီလအတွင်းမှာ ၄၅၄ ကြိမ်အသုံးပြုခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် အရပ်သားပြည်သူ သေဆုံးမှုမှာ ၂၀၂၁ ခုနှစ်မှာ ၇၄ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၆၈ ဦးနဲ့ ၂၀၂၃ ခုနှစ် လေးလတာအတွင်းမှာ ၂၉၂ ဦး ရှိပြီး ကန့်ဘလူ၊ ဖားကန့်နဲ့ ယင်းမာပင်မြို့နယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများဆုံး သေဆုံးခဲ့ရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။