ဂိုင်ယာနာမှာ စာသင်ကျောင်း အဆောင်မီးလောင်မှုကြောင့် ကလေးနှစ်ဆယ်နီးပါး သေဆုံး

မေ၊ ၂၃

ဂိုင်ယာနာ နိုင်ငံမှာ စာသင်ကျောင်းက လူနေဆောင်တခု မီးလောင်မှု တခုကြောင့် ကလေးငယ် ၂၀ နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

 တောင်အမေရိကတိုက် မြောက်ပိုင်းက ဂိုင်ယာနာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ အလယ်တန်းကျောင်း တခုမှာ မေလ ၂၂ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ မနက်အစောပိုင်းအချိန် ကျောင်းသူကျောင်းသားတွေရဲ့ အဆောင် မီးစလောင်ခဲ့တာဖြစ်ပြီး အထဲမှာ ကလေးတွေ ပိတ်မိနေခဲ့တာကြောင့် အခုလို အသေအပျောက် များခဲ့တာလို့ ရဲတွေက ပြောပါတယ်။

 မီးသတ်တပ်ဖွဲ့ဟာ မီးကို အမြန်ဆုံး ထိန်းချုပ် ငြှိမ်းသတ်နိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့တယ်လို့ ဆိုပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ မီးလောင်မှုဟာ ရှို့မီးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် လက်သည် တရားခံကိုတော့ ရှာမတွေ့သေးပါဘူး။

 လက်ရှိ အချိန်ထိ ကျောင်းသူကျောင်းသား ၁၉ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ နိုင်ငံအတွက် ဆိုးရွားလှတဲ့ ကပ်ဘေး တခုလိုတောင် ခံစားရကြောင်း၊ ထိခိုက်သေဆုံးရတဲ့ ကလေးတွေအတွက် နာနာကျင်ကျင် ကြေကွဲမိကြောင်း သမ္မတ အာဖန်း အလီက ပြောပါတယ်။

 ဒဏ်ရာ ပြင်းထန်သူတွေကို အခင်းဖြစ်ရာ သတ္တုတွင်းမြို့ဖြစ်တဲ့ မာဒီရာလေဆိပ်ကို ပို့ဆောင်ပြီး မြို့တော် ဂျော့ဂျ်တောင်းက အဓိက ဆေးရုံနှစ်ခုဆီ တင်ပို့နိုင်အောင် ချက်ချင်း စီစဉ်စေခဲ့တယ်လို့လည်း အလီက ဆိုပါတယ်။

 ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးချုပ်နဲ့ တခြားအစိုးရ အရာရှိတွေဟာ မာဒီရာကို သွားရောက်ပြီး အခင်းဖြစ်တဲ့ နေရာကို ကွင်းဆင်း စစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။

 သေဆုံးတဲ့ ကလေးတွေမှာ မိန်းကလေးက ၁၈ ယောက်နဲ့ ယောက်ျားလေး ၁ ယောက် ပါဝင်ပြီး အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၇ ယောက်လောက် ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။