မေ၊ ၂၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်ကိုစစ်ကောင်စီတပ်တွေက ဒီကနေ့ မေလ၂၂ရက်မှာမြေပြင်စစ်ကြောင်းထိုးမှုသာမကလေကြောင်းတိုက်ခိုက်မှုပါလုပ်နေလို့ နေအိမ်နှစ်လုံးမီးလောင်ပြီးဒေသခံတွေစစ်ရှောင်နေရပါတယ်။
“ Mi 35 နဲ့လာပစ်တာ နေ့ခင်း ၁၂နာရီအချိန်က တကြိမ် ခုနက၄နာရီလောက်ကတကြိမ် နှစ်ကြိမ်လာပစ်သွားတယ် ။လေကြောင်းတိုက်ခိုက်မှု ကြောင့် ခုအိမ်နှစ်လုံးမီးလောင်နေတယ် ။တလုံးကတော့ပြာကျသွားပြီ။တိုက်ပွဲလဲဖြစ်နေတယ် ။ဒေသခံတွေလဲစစ်ရှောင်နေကြရတယ် “လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
စစ်ကိုင်းမြို့နယ်မြောက်ခြမ်း ပဒူတိုက်နယ်ကို စစ်ကောင်စီတပ်တွေက မနေ့က မေလ၂၁ရက်မနက်ခင်းပိုင်းကနေစတင်ပြီး စစ်ကြောင်းထိုးနေပြီး ဒီကနေ့မှာလေကြောင်းကပါတိုက်ခိုက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကနေစတင်ပြီး ၂၀၂၃ ခုနှစ်၊ဧပြီလအထိ၂နှစ်ကျော်မှာ လေကြောင်းအသုံးပြုမှုစုစုပေါင်း ၁၄၂၇ ကြိမ်အနက် စစ်ကိုင်းတိုင်းက၂၉၅ကြိမ်နဲ့ဒုတိအများဆုံးတိုက်ခိုက်ခံရတယ်လို့ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။
ဒီကနေ့ စစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းထိုးတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစစ်ရှောင်နေရပေမယ့်ဘယ်လောက်ရှောင်နေရတယ်ဆိုတာ နဲ့ဒဏ်ရာရသူအရေအတွက်တိတိကျကျမသိရသေးပါဘူးလို့လည်းအဲဒီတပ်ဖွဲ့ဝင်ကပြောပါတယ်။
မနေ့ကမြေပြင်စစ်ကြောင်းထိုးတာကြောင့်ပဒူတိုက်နယ်ထဲက ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနံ၊ ရွာသစ် စတဲ့ရွာကြီးလေးရွာ အပါအဝင် စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခအနောက်ရွာနဲ့ အနားမှာရှိတဲ့ ရွာတွေကဒေသခံတသောင်းနီးပါးစစ်ရှောင်နေရပါတယ်။
အဲဒီလိုစစ်ရှောင်နေချိန်မှာ ဒီကနေ့ မနက်ပိုင်းက ခက်ခအရှေ့ရွာက စစ်ဘေးဒုက္ခသည် ကလေးငယ်တဦးဟာ မေလ ၂၂ ရက် ဒီကနေ့မှာပဲ စစ်ဘေးရှောင်ရင်း အုတ်တံတိုင်းပိ သေဆုံးသွားတယ်လို့ပြောပါတယ်။
သေဆုံးသူဟာအသက် ၅ နှစ်အရွယ် မောင်ကောင်းသန့် ဆိုသူဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးချိန် မှာ ရှေးဟောင်းဘုရားအနီးက အုတ်တံတိုင်း ပြိုကျခဲ့လို့ သေဆုံးသွားတာဖြစ်ပါတယ်။
ဒါ့အပြင်မနေ့က မေလ ၂၁ ရက်ကလည်း နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ပဒူရွာက အသက် ၂၇ နှစ်အရွယ် မနွေးနွေးသဲဟာ ခက်ခ အရှေ့ရွာအနီးမှာ ကားမှောက်သေဆုံးခဲ့ပြီး ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
“ စစ်ရှောင်တွေက ဘုန်းတော်ကြီး ကျောင်းတွေ၊နီးစပ်ရာကျေးရွာတွေက စာသင်ကျောင်းတွေ ၊ တောထဲကအရိပ်ရနေရာတွေနဲ့နီးစပ်ရာကျေးရွာတွေကဆွေမျိုးတွေဆီကိုသွားရောက်တိမ်းရှောင်နေကြရတယ်။အနီးတဝိုက်ရွာတွေကဒေသခံတွေက ထမင်းထုပ်ဝေတာတွေနဲ့စားသောက်နေရတယ်”လို့သူကဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေစတင်ပြီး ၂၀၂၃ခုနှစ်၊ဧပြီလ၃၀အထိ စာရင်းအရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်က နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိလာပါတယ်။
အဲဒီထဲကစစ်ကိုင်းတိုင်းက တသန်းသုံးသိန်းခုနှစ်သောင်းကျော်ပါဝင်ပြီး စစ်ရှောင်အားလုံးရဲ့ထက်ဝက်ကျော်ရှိတယ်လို့သုတေသနအဖွဲ့စည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့အချက်လက်တွေအရသိရပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီကမီးရှို့ဖျက်စီးတဲ့အိမ်ခြေပေါင်းခြောက်သောင်းကျေ်အနက် စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးပါဝင်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့Data For Myanmar ကထုတ်ပြန်ထားပါတယ်။