ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းသူတွေကို AAက ခေါ်ယူသတိပေးနေ

မေ၊ ၂၂

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အဦးတွေ များစွာ ပျက်စီးသွားချိန် အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းခဲ့ကြတဲ့ ဆိုင်ရှင်တွေကို ရခိုင့်တပ်တော် (AA)က ခေါ်ယူပြီး သတိပေးတာ တွေ ရှိနေတယ်လို့ AAနဲ့ နီးစပ်သူတွေ နဲ့ ဒေသခံတွေက ပြောကြပါတယ်။

“မင်းပြားက လေးယောက်ကို ခေါ်သွားတယ်၊ဒီမှာ ပြောနေတဲ့စကားအတိုင်းဆိုရင် တောင်တင်တာပေ့ါ၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေက ဆိုင်သည်တွေကိုလည်း ခေါ်ထားတာရှိတယ်၊ ပေါက်တောကဆိုင်သည် (ဆိုင်ရှင်)တချို့ကိုလည်း ခေါ် အုံးမယ် ကြားတယ်၊ သူတို့ကလည်း သံတပိဿာကို လေးသောင်းလောက်အထိ တင်ရောင်းကြတာကိုး”လို့ AA နဲ့ နီးစပ်တဲ့ မင်းပြားဒေသခံတဦးက DNA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရခိုင့်တပ်တော်(AA)အား ကောင်းလာပြီးနောက် AA တပ်စခန်းတွေရှိရာ နေရာတွေကို ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုတွေလုပ်လေ့ရှိတာကြောင့် အဲ့ဒီဖြစ်စဉ်ကို “တောင်တင်တယ်”လို့ ဒေသ ခံတွေက သုံးနှုံးပြောဆိုလေ့ရှိပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့ နယ်တွေက အဆောက်အဦ ၉၀ ရာခိုင်နှုန်းလောက်ဟာ အမိုးအကာတွေ ပျက်စီးသွားခဲ့ရပြီး အဲဒီလိုအ ခြေအနေမှာပဲ ပြည်သူတွေအရေးပေါ်လိုအပ်တဲ့ သွပ်၊ သံတွေကို မူလစျေး ထက် နှစ်ဆကနေ ခုနှစ်ဆလောက်အထိ စျေးတင် ရောင်းချနေခဲ့ကြလို့ ရခိုင်လူမှုအသိုက်အဝန်းကြားဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

အဲဒီလို စျေးတင်ရောင်းသူတွေကို AA တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ စခန်းတွေဆီ ဖမ်းဆီး၊ ခေါ်ယူပြီး နောက် နောင် အဲ ဒီလိုမျိုး မရောင်းချကြဖို့ သတိပေးနေတာဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာ အခွင့်အရေးယူပြီး ကုန်ပစ္စည်းတွေကို စျေးတင်မရောင်းကြ ဖို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မေလ ၁၆ ရက်က မိန့်ခွန်းထဲမှာ အ သိပေးပြောဆိုထားပါတယ်။

အဲဒီလို သတိပေးထားပေမယ့် စျေးတင်ရောင်းချမှုတွေဆက်ရှိနေတဲ့အတွက် အခုလို တောင်တင်ကာ ထပ်မံသတိပေးတာ ဖြစ်တယ်လို့ AA နဲ့ နီးစပ်သူက ဆိုပါတယ်။

ခေါ်ယူသတိပေးခံရတဲ့ဆိုင်ရှင်တွေဟာ ရက်ပိုင်းအကြာမှာ ပြန်လွတ်လာကြတာကို တွေ့ရပြီး အရင်တုန်းက သူတို့စျေးတင်ရောင်းခဲ့ကြတဲ့ သွပ်၊ သံတွေကိုတော့ ရောင်းချမှုလုပ်တာ မတွေ့ရတော့ဘူးလို့ စစ်တွေဒေသခံတဦးက ပြော ပါတယ်။

AA က အဲဒီလိုမျိုး စျေးအဆမတန်တင်ရောင်းတဲ့သူတွေကို ခေါ်ယူသတိပေးတာတွေ လုပ်နေသည့်တိုင် အောင် လက်ရှိအချိန်အထိ စျေးတင် ရောင်းသူတွေ ရှိနေဆဲဖြစ်တယ်လို့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။ 

“မင်းပြားတို့မှာဆိုရင် စျေးလျော့ရောင်းတဲ့ ဆိုင်တွေ ရှိတယ်၊ကျွန်တော်တို့ဆီမှာက စျေးတင်ရောင်းတုန်းပဲ။ ဒါပေမယ့် တောင်တင်တော့ မယ်လို့တော့ ကြားနေရပြီ”လို့ သူက ဆိုပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ များခဲ့တဲ့ရခိုင်​​ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ အရင်ကကျပ်တသောင်းဝန်းကျင်သာ ရှိတဲ့ သွပ်ပြားတချပ်ကို ကျပ်(၂၀၀၀၀) ကျော်၊ကျပ် (၇၀၀၀) ဝန်းကျင်သာရှိခဲ့တဲ့ သွပ်ရိုက်သံတပိဿာကို (၄၀၀၀၀) ကျော်အထိ စျေးတင်ရောင်းနေကြတာဖြစ်ပါတယ်။

အဲဒီလို စျေးတင်ရောင်းကြသူတွေကို အွန်လိုင်းပေါ် တင်ကာ Social Punishment (လူမှုရေးပြစ်ဒဏ်) ပေးဖို့လိုအပ်တယ်လို့ စစ်တွေမြို့ကရခိုင်လူငယ်တဦးဖြစ်တဲ့ ကိုဇော်မင်းဦးက ပြောပါတယ်။ 

“အဲလို အမြတ်ကြီးစားတဲ့သူတွေ အကုန်လုံးကို တောင်တင်ပြီး ဆုံးမတာက တပိုင်းပေါ့၊နောက် လုံး၀ Social Punishment လုပ်ဖို့လည်းလိုတယ်” လို့ သူက ဆိုပါတယ်။

 တဖက်မှာလည်း ပုံမှန်စျေးတွေအတိုင်း ရောင်းချနေတဲ့ စျေးဆိုင်တွေလည်း ရှိတယ်လို့ ရခိုင်ဒေသခံတွေကပြောကြပြီး စျေးတင်ရောင်းသူတွေကို ခေါ်ယူသတိပေးနေတယ်ဆိုတာနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို DNA က ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရ သေ့တောင်၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံမြို့နယ်တို့မှာ လူနေအိမ်၊ အဆောက် အဦးများစွာ ပျက်စီးခဲ့ရပြီး ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ပြည်သူ လေးရာကျော် သေဆုံးခဲ့ရတယ်လို့ စာရင်းကောက် ယူနေသူတွေက ပြောထားကြပါတယ်။