ပေါင်မြို့နယ်မှာ လင်မယားနှစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

မေ၊ ၂၂
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လင်မယားနှစ်ယောက် ဒီကနေ့မနက်အစောပိုင်းက သေနတ်ပစ်ခံရတာကြောင့် ပွဲချင်းသေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ သူတို့လင်မယားနှစ်ယောက်က ဇင်းကျိုက်ဘက်ကနေ ပြန်လာတာ၊ ညကြီးအချိန်မတော်၊ အဲလမ်းမှာ ဘယ်သူမှန်းမသိဘူး၊ သေနတ်နဲ့ပစ်ထားတာ၊ ပွဲချင်းပြီးပဲပေါ့၊ အဲမှာ သေနေတာ။ နှစ်ယောက်လုံးပဲပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူနှစ်ဦးဟာ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းကအသက် ၄၉ နှစ်အရွယ် ဦးမြင့်လွင်နဲ့ ဇနီးဖြစ်သူ အသက် ၄၀ နှစ်ကျော်အရွယ် ဒေါ်ခင်သီတာထွန်းတို့ဖြစ်ကြပါတယ်။
 
ဖလပ်ကျေးရွာ၊ မိုင်တိုင်အမှတ် (၁၆၈/၇)၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ မေလ ၂၂ ရက်၊ မနက် ၃ နာရီခန့်က Wave ဆိုင်ကယ်တစီးနဲ့အတူ လင်မယားနှစ်ဦး လဲကျသေဆုံးတာကို သက်ဆိုင်ရာက တွေ့ရှိခဲ့တာပါ။
 
သေဆုံးနေသူနှစ်ဦးကို နယ်မြေခံလူမှုကူညီရေးအသင်းကားနဲ့ ပေါင်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးပြီး စစ်ဆေးကြည့်ရာမှာ အမျိုးသားဖြစ်သူမှာ မျက်နှာနဲ့ လက်မောင်းတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ၂ ချက်ရရှိထားသလို အမျိုးသမီးဖြစ်သူမှာလည်း ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပေါင်မြို့နယ်ကျန်းမာရေးဌာနနဲ့ နီးစပ်သူထံမှ သိရပါတယ်။
 
သူတို့နှစ်ဦးက ဇင်းကျိုက်မြို့က လောင်းကစားဝိုင်းကနေ ပြန်လာချိန်မှာ အမည်မသိအဖွဲ့တစ်ခုရဲ့ သေနတ်နဲ့ပစ်သတ်ခြင်း ခံခဲ့ရတာဖြစ်တယ်လို့ ကျွဲခြံကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။
 
“ သူတို့က လောင်းကစားဝိုင်းတွေ လုပ်ကြတာပါ။ အခုမဟုတ်ပါဘူး၊ ဟိုး..ကတည်းကပါပဲ၊ အခုက ဇင်းကျိုက်က ပွဲက ပြန်လာတဲ့ချိန်မှာ ပစ်ခံရတာ။ ဘယ်လိုပြောရမလဲ၊ ဒီလိုကာလမှာ လောင်းကစားဝိုင်းသာ လုပ်နေတာပဲ၊ တပ်နဲ့ ရဲတွေနဲ့တော့ ရင်းရင်းနှီးနှီးရှိကြပါတယ်။ အခုကလည်း သူတို့အချင်းချင်းလုပ်ကြံတာလည်း ဖြစ်နိုင်သလို၊ အချိန်မတော်လို့ စစ်သားတွေ ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဘယ်သူ့ကြောင့်လဲတော့ မသိဘူးပေါ့ ” လို့ ပြောပါတယ်။
 
ဒါပေမယ့်ပြီးခဲ့တဲ့ မေလ ၁၇ ရက်က ပေါင်မြို့နယ် ကျွဲခြံကျေးရွာနေ မဖြူဖြူဇင် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်မှာ ဒီကနေ့ သေနတ်နဲ့ပစ်သတ်ခံရတဲ့ လင်မလားနှစ်ဦးရဲ့ သတင်းပေးတိုင်တန်းမှုကြောင့်ဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့နှစ်ဦးကို ပစ်သတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံအကြားမှာ ပြောဆိုနေကြပါတယ်။
 
“ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တောထဲက သင်တန်းတက်ပြီး အိမ်ခဏရောက်နေတဲ့ ကောင်မလေးက ဖမ်းခံထိတာ သူတို့လက်ချက်လို့ တရွာလုံးက ပြောနေကြတာရှိတယ်၊ အဲဒါကြောင့်မို့လည်း PDF တွေဘက်က ရှင်းလင်းလိုက်တာလည်း ဖြစ်နိုင်တယ်ပေါ့နော် ” လို့ ကျွဲခြံကျေးရွာနေ ဒေသခံက ပြောပါတယ်။
 
လင်မယားနှစ်ဦး ပစ်ခတ်ရှင်းလင်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
 
ယခုပစ်ခတ်ရှင်းခံရတဲ့ နေရာကဆိုရင် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှစ်ဦးနဲ့ ရာအိမ်မှူးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ 
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်