မေ၊ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲကကျေးရွာလေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး လေးရက်ဆက်တိုက်မီးရှို့နေလို့ နေအိမ်ပျက်စီးသလို ဒေသခံတွေစစ်ရှောင်နေရတယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က DNA ကိုပြောပါတယ်။
“ စစ်ကောင်စီတပ်တွေကအဲ့ဒီလိုမီးရှို့စစ်ကြောင်းထိုးနေလို့ ကန့်ဘလူခရိုင်ထဲမှာ စစ်ရှောင်နေရသူတွေမနည်းဘူး ။၂နှစ်လုံးလုံးနေရပ်မပြန်ရတဲ့အမြဲတမ်းစစ်ရှောင်တွေရှိတယ်။စစ်ရှောင်တွေသောင်းနဲ့ချီပြီးရှိတယ် “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကDNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ စစ်ကြောင်းကဇီးကုန်းတိုက်နယ်ကို လေး ရက်ဆက်တိုက် မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပြီး မကျီးကုန်း၊ ဆူးတပ်၊ ဖုတ်ကုန်းကျေးရွာနဲ့ဘုတ်ကုန်းရွာ တွေက အရပ်သားပိုင်နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကိုစီးနင်းမီးရှို့တာကြောင့် မေလ ၁၈ ရက်မှာမကျီးကုန်းရွာက နေအိမ် ၁၄ လုံး၊ မေလ ၁၉ ရက်မှာဆူးတပ်ရွာက နေအိမ် ၂၀ စုစုပေါင်း ၃၄ လုံးပျက်စီးခဲ့ရတယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
ဒါ့အပြင်အဲဒီစစ်ကြောင်းဟာ မေလ ၂၀ ရက်မှာဖုတ်ကုန်းရွာနဲ့ ဒီကနေ့ မေလ ၂၁ ရက်၊ မနက်ပိုင်းမှာလည်းဘုတ်ကုန်းကျေးရွာကို ထပ်မံမီးတင်ရှို့နေပေမယ့် အပျက်အစီးအဆုံးအရှုံးမသိရသေးဘူးလို့လည်း အဲဒီအဖွဲ့ကပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၀ ရက်နေ့ကနေ မေလ လက်ရှိအချိန်ထိ တလအတွင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊အရှေ့ခြမ်းနဲ့ တောင်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ချိန်အတွင်းမှာ ကျေးရွာပေါင်း ၂၀ ကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ထောင်နဲ့ချီတဲ့သူတေ္ စစ်ရှောင်နေရတယ် ဒေသခံတွေကပြောကြပါတယ်။
အဲဒီတလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းတွေက ကန့်ဘလူမြို့နယ်အတွင်းက ပုဏ္ဏားငယ်၊လေးတွင်းစဉ်၊ချောင်းသာ၊မြေမွန်၊တရော်ကိုင်း၊ကန်ကြီးတောတဲတိုက်၊ဖိုလ်ကုန်း၊သရက္ကံကြီး၊ထောက်ရှာအိုင်၊ခအုံးတာ၊သရက်ခေါင်း၊ငါးရာနဲ(မ)၊ချင်မြစ်ကျင်း၊သိုးဘိုး၊ညောင်ပေါင်ရင်း၊ဉာဏ်အင်း၊ဖလံချိုင်၊မန်ကျည်းကုန်း၊ဆူးတပ်၊ဘုတ်ကုန်းနဲ့ ပစ်တိုင်းထောင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ တလအတွင်း မီးရှို့ဖျက်စီးတာကြောင့် နေအိမ်ဘယ်လောက် ပျက်စီးတယ်ဆိုတာနဲ့ ဒေသခံတွေ ဘယ်လောက်စစ်ရှောင်နေရတယ်ဆိုတာတော့ မသိရသေးဘူးလို့လည်း တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ကန့်ဘလူခရိုင်ထဲမှာ လူသားဒိုင်းဖမ်းခံရပြီးသတ်ခံရတာတွေ အကြောင်းမဲ့သတ်ခံရတာတွေမြွေဆိုးကိုက်ခံရတာတွေ ကြောင့် စစ်ရှောင်တွေမှာ သေဆုံးရတာတွေရှိနေတယ်’’ လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေက ဖမ်းဆီးသတ်ဖြတ်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် တ လအတွင်း ကန့်ဘလူမြို့နယ်ထဲက အရပ်သား အမျိုးသား သုံးဦး နဲ့အမျိုးသမီး တဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း အင်ဖက်နတီဂရုကပြောပါတယ်။