စစ်တပ်က နှစ်ကြိမ်တိုင်တိုင်ဖမ်းဆီးခဲ့တဲ့ ငြိမ်းချမ်းရေးအဆိုတော် စောဖိုးခွား ပြန်လွတ်မြောက်လာ

မေ၊ ၂၁
 
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့အချိန်ကတည်းက စစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ရက်ဂေးအဆိုတော်တဦးဖြစ်တဲ့ အဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ မေလ ၂၁ ရက်က ရေးသားဖော်ပြထားပါတယ်။
အဆိုတော်စောဖိုးခွားဟာ ကျန်းမာစွာနဲ့ နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းနဲ့ ဆုတောင်းအားပေးသူတွေကို ကျေးဇူးတင်ကြောင်း အဆိုတော်စောဖိုးခွားရဲ့သားဖြစ်သူက လူမှုကွန်ရက်မှာ ဒီကနေ့မှာရေးသားခဲ့တာဖြစ်ပါတယ်။
 
ငြိမ်းချမ်းရေးအဆိုတော်တဦးလည်းဖြစ်တဲ့ အဆိုတော်စောဖိုးခွားကို စစ်အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နှင့် အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ချမှတ်ထားတဲ့ ထောင်ဒဏ် ၂နှစ်ပြည့်တဲ့နေ့မှာ လွတ်မြောက်ချင်းမရှိပဲ အင်းစိန် အကျဉ်းထောင် ထောင်ကြီးအဝင် ဗူးဝမှာ ပြန်လည်ဖမ်းစီးခဲ့ပြီး တောင်ငူ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။
 
အဲဒီနောက် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေကပြ န်လွှတ်ပေးခဲ့ပြီးနောက် အင်းစိန်ထောင်ရှေ့မှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး တောင်ငူအကျဉ်းထောင်ကို ရွှေ့ပြောင်းခံခဲ့ရတာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
 
” မနေ့က ညနေစောင်းလောက်မှာ သူတို့လုပ်နေကျပုံစံအတိုင်း ခံဝန်နဲ့ပြန်လွတ်လာတာပါ။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ရန်ကုန်တော့ ပြန်မရောက်သေးဘူး။ သူ့မိတ်ဆွေတွေနဲ့ အတူရှိနေပါတယ် ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
 
အဆိုတော်စောဖိုးခွားဟာ ရက်ဂေးလ်သီချင်းတွေနဲ့အတူ စစ်ပွဲတွေကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးသီချင်းတွေ၊ ဒီမိုကရေစီကို လိုလားတဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။ 
ဓာတ်ပုံ – Social Media