သန်လျင်မှာ ဘေးတွဲဆိုင်ကယ်တွေ လမ်းမကြီးတွေပေါ်တက်ရင် ဖမ်းဆီးမယ်ဆိုတာကြောင့် အငှားလိုက်သူတွေနဲ့ စီးနင်းသူတွေ အခက်တွေ့

မေ၊ ၂၀
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သန်လျင်-ကျောက်တန်းလမ်းမကြီးပေါ်မှာ ဘေးတွဲဆိုင်ကယ်တွေ မောင်းနှင်ဖြတ်သန်းရင် ဖမ်းဆီးမယ်လို့ စစ်ကောင်စီက ပြောဆိုထားတာကြောင့် ဘေးတွဲအငှားလိုက်သူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
တရားဝင်အမိန့်ထုတ် တားမြစ်ထားတာမျိုးမဟုတ်ပေမယ့် အဲ့ဒီလမ်းမကြီးပေါ် ဖြတ်သန်းလာတဲ့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကို စစ်ကောင်စီလက်အောက်ခံတွေက နှုတ်မိန့်နဲ့ လမ်းပေါ်တက်မမောင်းဖို့ ပြောနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“ နောက်ဒီလမ်းမကြီးအပေါ် မမောင်းကြနဲ့ မောင်းရင် အကုန်လုံးကိုဖမ်းမယ်ဆိုပြီး ပြောတာ၊ ဖမ်းခံရတဲ့သူကနေတဆင့် အခြားသူတွေကို အဆင့်ဆင့် သတိပေးတာမျိုး ” လို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတဦးက ပြောပါတယ်။
 
ဘာကြောင့်အဲ့ဒီလိုတားမြစ်တယ်ဆိုတာကိုတော့ သန်လျင်ဒေသခံတွေကိုယ်တိုင် တိတိကျကျမသိကြပါဘူး။ အရင်ကအခုလိုတားမြစ်တာမျိုးမရှိခဲ့ဘဲ လွန်ခဲ့တဲ့တပတ်လောက်ကစလို့ တားမြစ်တာလို့ ဆိုပါတယ်။
 
သန်လျှင်ကျောက်တန်းလမ်းမကြီးပေါ်မှာ ဘေးတွဲဆိုင်ကယ်တွေကို လုံးဝသွားခွင့်မပြုတာမျိုး မဟုတ်ပေမယ့် လမ်းမပေါ်မှာ မောင်းနှင်လာတာ‌တွေ့ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ခိုင်းပြီးမေးမြန်းတာ၊ ဖမ်းဆီးတာ၊ လမ်းသွယ်ထဲက သွားခိုင်းတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
 
အခုလအတွင်း ဘေးတွဲဆိုင်ကယ်တစီးနဲ့ စစ်ကားတစီး တိုက်မိမှုဖြစ်ပြီးနောက် အခုလိုတားမြစ်မှုတွေလုပ်နေတာလို့ သန်လျင်ဒေသခံတချို့ပြောပေမယ့် အဲ့ဒီဖြစ်စဉ်ရှိမရှိ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။
 
အခုလိုတားမြစ်မှုတွေရှိလာတာကြောင့် ဘေးတွဲဆိုင်ကယ် အငှားလိုက်သူတွေအနေနဲ့ ခရီးသည်ရဖို့မလွယ်ကူတော့ဘဲ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
 
“ ငှားစီးရတဲ့ သူကလည်း လိုတဲ့ခရီးရောက်ဖို့ ငှားရပေမယ့်ကွေ့ရှောင်မောင်းနေရတော့ လိုတာထက်ပိုကြာတယ်၊ ပြီးတော့ စီးသွားပြီးမှ ဖမ်းခံထိတာမျိုးကို တွေးကြောက်နေရတယ် ” လို့ ဘေးတွဲဆိုင်ကယ် အသုံးပြုလေ့ရှိတဲ့ သန်လျင်မြို့ခံတဦးကလည်း ပြောပါတယ်။
 
အရင်ကလည်း သန်လျင်မြို့နယ်အတွင်းမှာ ဆိုင်ကယ်တွေ စီးနင်းခွင့်မပြုဘူးလို့ စစ်ကောင်စီက အမိန့်ထုတ်တာမျိုးတွေရှိခဲ့ဖူးပြီး လက်ရှိမှာတော့ ဆိုင်ကယ်တွေကို စီးနင်အသုံးပြုနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း သန်လျင်မြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ရာမှာ လူသိများတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင်အပါအဝင် စစ်အုပ်စုနဲ့ နီးစပ်သူတချို့ သေဆုံးခဲ့ပါတယ်။ 
ဓာတ်ပုံ – Winner Myanmar