ရေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PDFပူးပေါင်းတပ် တိုက်ပွဲဖြစ်

မေ၊ ၂၀
 
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါဘသဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က မနေ့က ညနေပိုင်းမှာ ဝါဘသဲရွာဘက်ကို အင်အားတရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်တိုးလို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။
“ ဒီနေ့မနက် နယ်မြေရှင်းလင်းမှုလုပ်တော့ သွေးဒဏ်ရာ၊ ဆေးထိုးတာတွေ ဒဏ်ရာကုသမှုတွေ ပြုလုပ်ထားတဲ့ သွေးကွက်တွေအများကြီး တွေ့ရတယ် ” လို့ ရေးမြို့နယ် ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ခံဗိုလ်ရန်နိုင်က DNA ကို ပြောပါတယ်။
 
နှစ်ဖက်နာရီဝက်ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ မနေ့ကညပိုင်းက ဝါဘသဲရွာထဲမှာ တညလုံးတပ်စွဲနေထိုင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ရွာထဲကစစ်အင်အားတချို့ စစ်ကြောင်းခွဲပြန်ဆုတ်လာချိန်မှာလည်း ကျားဖြူစစ် ကြောင်း (၂)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ ပစ်ခတ်မှုထပ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
 
“ ဆုတ်တာက အားလုံးမဟုတ်သေးဘူး၊ အနည်းအကျဉ်းပဲ၊ အခုထိဖြစ်နေတုန်းပဲ၊ ကျွန်တော်တို့ပူးပေါင်းအဖွဲ့ဘက်ကလည်း နယ်မြေရှင်းလင်းရေးလုပ်နေတုန်း၊ ဒီမနက်မှာတော့ ထိခိုက်မှုတော့ မသိရသေးဘူး ” လို့ ရေးမြို့နယ် ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ခံဗိုလ်ရန်နိုင်က ဒီကနေ့ညနေ ငါးနာရီဝန်းကျင်မှာ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အခုလို စစ်ကြောင်းထိုးမလာမီ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဝါဘသဲကျေးရွာဘက်ကို ကင်းထောင်လေယာဉ်တွေနဲ့ နေ့စဉ်ကင်းထောက်မှုတွေလုပ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်တွေက ကြိုတင်ပြင် ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ကျေးရွာဟာ ပြီးခဲ့တဲ့ မေလ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရေးမြို့နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြူစစ်ကြောင်း တပ်ရင်းစခန်းတခုရှိနေတယ်လို့ သိရပါတယ်။
 
အဲ့ဒီစခန်းဗုံးကြဲတိုက်ခိုက်ခံရပြီးကတည်းက အနီးပတ်ဝန်းကျင်က ဒေသခံငါးရာနီးပါးလောက် ထွက်ပြေးတိမ်း ရှောင်နေကြတာကြောင့် အခုတိုက်ပွဲအတွင်း အရပ်သားတွေထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကျားဖြူစစ်ကြောင်းရဲ့စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတော့ PDF တပ်ဖွဲ့ဝင် သုံး ဦးကျဆုံးကာ၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သားလေးဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူ စစ်ကြောင်း ၂ က ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်အကြာ မေလ ၁၈ ရက်ကတော့ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- ၁၀၆ ဗဟိုကင်းကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ကျားဖြူတပ်ရင်းနဲ့ Federal Wings ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ ဗုံးသီးလေးလုံး ဒရုန်းနဲ့ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – Albino Tiger