မောက်မယ်မြို့နယ်မှာ PNLO နဲ့ RCSS တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ PNLO ပြော

မေ၊ ၂၀
 
ရှမ်းပြည်နယ်၊ မောက်မယ်မြို့၊ ထီဖက်နံကျေးရွာအနီးမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO/PNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက DNA ကိုပြောပါတယ်။
 
မောက်မယ်မြို့နယ်၊ ထီဖက်နံကျေးရွာအနီးက (PNLO/PNLA) တပ်စခန်းတခုကို RCSS ဘက်က အင်အားတရာကျော်နဲ့ ဒီကနေ့မနက်ငါးနာရီဝန်းကျင်မှာ စတင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
 
“ ကျွန်တော်တို့ရဲ့ တပ်စခန်းကို RCSS က လာပြီးတော့ ပစ်တာပါ၊ အပြန်အလှန်တော့ ထိတွေ့မှု ဖြစ်သွားတယ်၊ လတ်တလောမှာတော့ RCSS က ပြန်ပြီးတော့ ဆုတ်ခွာသွားတယ်လို့ သိရတယ်၊ နှစ်ဖက်ထိခိုက်မှုကတော့ ရှိပါတယ်၊ ဒါပေမဲ့ ထိခိုက်မှုအသေးစိတ်တွေကိုတော့ မသိရသေးဘူး ” လို့ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောပါတယ်။
 
အဲ့ဒီတိုက်ပွဲဟာ မနက်ငါးနာရီဝန်းကျင်ကနေ ခုနစ်နာရီလောက်အထိ နှစ်နာရီဝန်းကျင်ကြာခဲ့ပြီး RCSS/SSA တပ်က နမ့်ယမ်ကျေးရွာနဲ့ လေခွင်ကျေးရွာတွေဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီး တပ်အင်အား ထပ်မံဖြည့်တင်းနေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောပါတယ်။
 
PNLO/PNLA နဲ့ RCSS တပ်တွေဟာ ပြီးခဲ့တဲ့မတ်လကုန်နဲ့ ဧပြီလဆန်းပိုင်းကလည်း မောက်မယ်မြို့နယ်ထဲက ကဒူးကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ PNLO တပ်တွေက သူတို့တပ်စခန်းကိုလာ ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ RCSS က ထုတ်ပြန်ခဲ့ပါတယ်။
 
RCSS နဲ့ PNLO တပ်တွေဟာ တပ်စွဲလှုပ်ရှားရာနယ်မြေနဲ့ပတ်သက်လို့ ကျူးကျော်တယ်လို့ နှစ်ဘက်အပြန်အလှန်စွပ်စွဲမှုတွေ ရှိနေကြတာပါ။ ဒီကနေ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး RCSS ဘက်ကို DNA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်တာကြောင့် မေးမြန်းလို့မရခဲ့ပါဘူး။
 
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့ဝင်တွေဟာ လက်ရှိမှာ ပအိုဝ်းကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲနေကြပြီး ကျေးရွာသူ/သား တွေကို ရွာပြင်ထွက်ခွင့် မပေးဘူးလို့ PNLO/PNLA က ထုတ်ပြန်ထားပါတယ်။
 
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာပါဝင် လက်မှတ်ထိုးထားတဲ့ RCSS/SSA တပ်နဲ့ PNLO/ PNLA တပ်တွေဟာ မောက်မယ်မြို့နယ် မတ်လ ၃၀ ရက်မှာ နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဧပြီလ ၃ ရက်မှာလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်အတွင်းမကလည်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်းမှာ RCSS/ SSA တပ်နဲ့ PNLO/PNLA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပြီး PNLO/PNLA က နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 
ဓာတ်ပုံ – Tai Freedom / PNLA INFO