မေ၊ ၁၉
နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အကျဉ်းသား ဆယ်ဦး တောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးခဲ့ရာမှာအမျိုးသမီးတဦးအပါအဝင် ကိုးဦးဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပဲခူးတိုင်း PDF ထံမှ သိရပါတယ်။
“ သူတို့ဟာ သူတို့ပစ်ခတ်လုယက်ပြီး ရုန်းလာတာပါ။ အဲဒီ ဆယ်ဦးဦးပေါ့ဗျာ၊ အဲမှာ တယောက်ကျန်ခဲ့တယ်။ မျက်မြင်တွေ့တာက ကျန်ခဲ့တဲ့ တယောက်က ခြေထောက်မှာ ထိသွားတယ်လို့ ပြောတယ်။ သေနတ်နှစ်လက်ရလာတယ်၊ သူတို့ ထွက်လာတဲ့ အချိန်ကျမှ ကျွန်တော်တို့က ကယ်ထုတ်လာတာပါ။ သူတို့အစွမ်းအစနဲ့ သူတို့ ထောင်ကနေလွတ်အောင် ပြေးလာကြတာပါ။ ကျွန်တော်တို့က တနေရာမှာ စောင့်ပြီး ခေါ်သွားယုံပါပဲ။ အခုတော့ လွတ်မြောက်တဲ့နေရာကို ရောက်နေပါပြီး။ သူတို့တွေ အဆင်ပြေကြပါတယ်။” လို့ ပဲခူးတိုင်း PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူအကျဉ်းထောင် အထူးတရားရုံးမှာ မနေ့က ညနေ သုံးနာရီခန့်မှာ နိုင်ငံရေးအကြမ်းဖက် ဥပဒေ ပုဒ်မတွေနဲ့ တရားဆွဲခံထားရတဲ့ အကျဉ်းသား ဆယ် ဦးကို ရုံးထုတ်လာချိန်မှာ အကျဉ်းသားတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်လုယူထွက်ပြေးသွားတာပါ။
အဲဒီပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ အကျဉ်းသား ကိုးဦး၊လက်နက်နှစ်လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပေမယ့် အကျဉ်းသားတဦးက ခြေထောက်မှာ ကျဉ်ထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။
တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတဦးကတော့ “ ကျွန်တော်တို့ သိတာလည်း၊ သေနတ်ဒဏ်ရာက တချက်တည်းရသွား တာမဟုတ်ဘူး၊ နှစ်ချက်၊ သုံးချက်လို့ သိရတယ်။ အဲဒီသေနတ်ဒဏ်ရာနဲ့ ဆုံးသွားတယ်လို့တော့ အဲလိုမျိုးကြားထားတယ်။” လို့ ပြောပါတယ်။
ထွက်ပြေးတဲ့ ဆယ်ဦးအနက် စစ်ကောင်စီက သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးလို့ ကျန်ခဲ့တဲ့ အကျဉ်းသားတစ်ဦးကဆိုရင် သေဆုံးသွားပြီးလို့ ပြောဆိုမှုတွေရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
“ ဖမ်းခံရတဲ့သူက ခြေထောက်မှာ ထိတယ်လို့ပဲ၊ သိထားရတယ်၊ သတင်းတွေတော့ မျိုးစုံထွက်နေတယ်၊ သေသွားပြီးလို့လည်း ပြောပါတယ်။ အတည်မပြုနိုင်သေးဘူးပေါ့နော်။” လို့ ပဲခူးတိုင်း PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဟာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားတွေ ဖြစ်ကြပြီး အဲဒီအထဲမှာ အမျိုးသမီးတဦးပါဝင်ကာ အားလုံးကိုတော့ စစ်ကောင်စီက နိုင်ငံတော် အကြမ်းဖက်ဥပဒေပုဒ်မမျိုးစုံနဲ့ တရားဆွဲထားပြီး တချို့ကသေဒဏ်ချမှတ်ခံထားရသူလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီလိုတောင်ငူအကျဉ်းထောင်ကနေ အကျဉ်းသားထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်တွေက နေရာအနှံ့အပြားမှာ လုံခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်နေကာ အရပ်သားတချို့ကိုလည်း ဖမ်းဆီး မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီကနေ့အထိ တစုံတရာသတင်းထုတ်ပြန်ထားတာမျိုးမရှိသေးဘဲ စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရမ်မှာတော့ မနေ့က တောင်ငူအကျဉ်းထောင်ပစ်ခတ်မှုအတွင်းမှာ စစ်သားတဦး သေဆုံး ကာ၊ စစ်မှုထမ်းဟောင်းတဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်နှစ်လက်လည်း ဆုံးရှုံးလိုက်ရတယ်လို့ ရေးသားထားကြပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ပုုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ထားတဲ့ တောင်ငူထောင်မှာ အခုဖြစ်စဉ်ကြောင့် အထူးတင်းကျပ်မှုတွေပြုလုပ်ထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။