မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် နှစ်၂၀ ထပ်ချ၊ စုစုပေါင်း ၅၄နှစ်ရှိလာ

မေ ၊ ၁၉

အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်ပဲ ဆန့်ကျင်ခဲ့တဲ့ စစ်ကိုင်တိုင်း၊ မုံရွာမြို့မုံရွာမြို့က  သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ဒီကနေ့ မေလ ၁၉ ရက်မှာ  ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ပြီးစုစုပေါင်း ထောင်ဒဏ် ၅၄ ရှိလာပြီလို့  မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီကတာဝန်ရှိသူတဦးကပြောပါတယ်။

မုံရွာမြို့ အကျဉ်းထောင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထူးတရားရုံးကနေ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့  ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်အနှစ် ၂၀ အထိ ချမှတ်ိုက်တာလည်းဖြစ်ပါတယ်။

” ဒီကနေ့ မှာ ထောင် ၂၀ နှစ်ချလိုက်တယ်။တမှုတည်းအတွက်ပါ။ အပြစ်မရှိဘဲ အမိန့်ချတာပေါ့နော် ‘’  လို့ အဲဒီမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

က်ုဝေမိုးနိုင်ကို  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ၁၅ ရက်မှာမုံရွာမြို့ သာစည်လမ်းမ ၊ ယင်းမာမြိုင်လမ်းထိပ်အနီးမှာ ဆန္ဒပြပွဲပြုလုပ်နေတုန်း သူစီးနင်းလာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာ အချိန် အတော်ကြာ စစ်ဆေးပြီးမှာ ပုဒ်မ မျိုးစုံနဲ့ တရားစွဲဆိုခဲ့တာပါ။

စစ်ကောင်စီစစ်ကြောရေးမှာ ကိုဝေမိုးနိုင်ကိုစစ်ဆေးပြီးနောက် စစ်ကောင်စီတရားရုံးက ပထမဆုံးအကြိမ်ဖြစ်  ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာဆူပူအောင်  လှုံ့ဆော်မှုပုဒ်မ- ၅၀၅(က)အမှုငါးမှုအတွက် ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေကိုဖောက်ဖျက်တဲ့အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ လက်ကျန် ၅၀၅(က)အတွက်ထောင်ဒဏ် နှစ်နှစ် စုုစုပေါင်း လေး နှစ်ချထပ်မံချမှတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှာတတိယအကြိမ်ဖြစ်  ပုဒ်မ -၅၀၅(က)အတွက် ထောင်ဒဏ်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ -၁၄၈ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုအတွက် ထောင်ဒဏ်သုံးနှစ်၊ ပုဒ်မ-၃၉၅ ဓားပြမှုအတွက် ထောင်ဒဏ် နှစ် ၂၀ ၊ပုဒ်မ-၁၄၄၊ ၃၉၇ အတွက်ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ- ၃၂၃ အတွက် ထောင်ဒဏ် တနှစ်စုစုပေါင်း ၃၄ နှစ်ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် အမှုအားလုံးအတွက် အပြစ်ဒဏ်ကို တပေါင်းတည်းကျခံရမယ်လို့စစ်ကောင်စီတရားရုံးကချမှတ်တဲ့အတွက် အများဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့ကြောင့်ကိုဝေမိုးနိုင်က ပထမကြိမ် ထောင်ဒဏ် ၁၀ နှစ်၊ဒုတိယအကြိမ်လေးနှစ်၊ တတိယအကြိမ် ထောင်ဒဏ် နှစ် ၂၀ နဲ့ အခုစတုတ္ထအကြိမ် ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းေ ထာင်ဒဏ် ၅၄ အထိကျခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိကိုဝေမိုးနိုင်ကို မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားသလို လိုအပ်တဲ့ ဆေးဝါးနဲ့ ရိက္ခာတွေ ပို့ပေးခွင့်ရပေမယ့် လူချင်းတော့ တွေ့ခွင့်မရပေမယ့် ဒီကနေ့ ရုံးထုတ်မှာ ကျန်းမာရေး ကောင်းမွန်တာကိုတွေ့မြင်ခဲ့ရတယ်လို့လည်း သပိတ်ကော်မတီဝင်က ဆိုပါတယ်။

ကိုဝေမိုးနိုင်က သူအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပက်သက်ပြီး အဆင်မြင့်တရားရုံးတွေမှာ အယူခံတက်တာတွေ မရှိခဲ့ဘူးလို့ သူနဲ့နီးစပ်သူတွေက ပြောကြားသလို စစ်ကောင်စီက မကြာခဏပေးနေတဲ လွတ်ငြိမ်ချမ်းခွင့်တွေထဲမှာ လည်းကိုဝေမိုးနိုင်ရဲ့ ပြစ်ဒဏ်တွေ အတွက်မပါဝင်ခဲ့ဘူးလို့သိရပါတယ်။

သူဟာ စက်မှုဇုန်တခုမှာ ရဲနှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ လူသတ်မှု ပုဒ် -၃၀၂ ကို နောက်ဆုံးအမှုအနေနဲ့ဆက်လက်ရင်ဆိုင်ရဦးမှာလည်းဖြစ်တယ်လို့လည်း လုပ်ဖောင်ကိုင်ဖက်ကျောင်းသား ခေါင်းဆောင်တွေကပြောပါတယ်။

‘’စစ်ကောင်စီကတော့ ရန်သူအလုပ်ကို လုပ်နေတယ်။တော်လှန်ရေး အဖွဲ့တွေကလည်း အားလုံးစည်းလုံးစွာနဲ့ ရန်ငါစည်းပြတ်ပြီး ကိုယ်အလုပ်ကိုယ်လုပ်ကြဖို့ပြောချင်တယ်’’ လို့ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီတာဝန်ရှိသူတဦးကပြောပါတယ်။