မေ၊ ၁၉
ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင် ဆွေးနွေး သဘောတူညီမှုတွေ ရရှိထားပြီလို့ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့ ထိုင်းအတိုက်အခံ ပါတီတွေက ပြောပါတယ်။
၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ထိုင်းနိုင်ငံရဲ့ အစိုးရ အာဏာစက်ကို သွယ်ဝိုက်ပြီး ဆက်လက် ချုပ်ကိုင်ထားနိုင်တာကို ရပ်တန့်ဖို့ တစိတ်တဝမ်းတည်း ရပ်တည်သွားမယ်လို့ ထိုင်းအတိုက်အခံ ပါတီတွေက ပြောပါတယ်။ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ထိုင်းစစ်တပ် အကြီးအကဲဟောင်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာရော၊ စစ်တပ်လိုလားတဲ့ တခြားနိုင်ငံရေး အင်အားစုတွေပါ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ခဲ့ကြပါတယ်။
အတိုက်အခံ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေက ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပေမယ့် ထိုင်းရဲ့ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ စစ်တပ်က ခန့်အပ်လို့ လွှတ်တော်ထဲ အခန့်သား ရောက်နေတဲ့ အထက်လွှတ်တော် အမတ်နေရာ ၂၅၀ က ဝန်ကြီးချုပ်သစ် ရွေးချယ် ခန့်အပ်ရေးမှာ ပါဝင်စွက်ဖက်ပိုင်ခွင့် ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အောက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ ရလဒ်ကောင်းထားတဲ့တိုင် အတိုက်အခံ အင်အားစုတွေဟာ စုစုပေါင်း အောက်လွှတ်တော် အမတ်နေရာ ၃၇၆ ခုထိ ရရှိအောင် စုစည်း ချိတ်ဆက်ဖို့ လိုအပ်နေပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း အဲဒီ အရေအတွက်ထိ မဲရလဒ် ပိုင်ဆိုင်မှသာ ဝန်ကြီးချုပ်သစ်ကို တင်မြှောက်နိုင်မှာ ဖြစ်တာကြောင့်ပါ။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး၊ လွှတ်တော်အမတ်နေရာ အများဆုံး ရခဲ့တဲ့ မုဗ်ဖော်ဝပ်ပါတီ (MFP)ရဲ့ အကြီးအကဲ ပီတာ လင်ဂျာရွန်ရတ်က သူ့ပါတီနဲ့ ပူးပေါင်းဖို့ တခြားပါတီ ၇ ခုက သဘောတူညီထားပြီလို့ ပြောပါတယ်။ အဲဒီထဲမှာ ဒုတိယ မဲအများဆုံး ရရှိထားပြီး ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ ဖျူထိုင်းပါတီ (PTP)လည်း ပါဝင်နေပါတယ်။
လက်ရှိ အချိန်ထိ သူတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၁၃ ခုစာအတွက် ထောက်ခံမဲတွေ စုစည်းထားနိုင်ပြီး ဖြစ်တာကြောင့် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ သေချာပေါက် အောင်မြင်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပီတာက ဆိုပါတယ်။
ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘောတူထားတဲ့ နိုင်ငံရေး အင်အားစုတွေဟာ နားလည်မှု သဝဏ်လွှာ တစောင်ကို ညှိနှိုင်း ရေးသားထားကြပြီး မေလ ၂၂ ရက်ကျရင် လက်မှတ် ရေးထိုးမှာ ဖြစ်ပါတယ်။ တရားဝင် မထုတ်ပြန်သေးပေမယ့် သေချာသလောက် ရှိနေတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ MFPက အောက်လွှတ်တော် အမတ် နေရာ ၁၅၁ ခုနဲ့ PTPက ၁၄၁ ခု ရရှိထားပြီး ဖြစ်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ဦးဆောင်နေတဲ့ ထိုင်းအမျိုးသားပါတီ (TNP)က စုစုပေါင်း ရွေးကောက်ခံအမတ် နေရာ ၃၆ ခုသာ ရရှိခဲ့ပြီး စစ်တပ်က ထောက်ခံတဲ့ နောက်ထပ် စစ်တပ် အကြီးအကဲဟောင်း တဦးဖြစ်တဲ့ ပရာဝစ် ဝမ်ဆူဝန် ဦးဆောင်တဲ့ ပါလန်ပရာချာရတ်ပါတီ (PPP)က ရွေးကောက်ခံ အမတ်နေရာ ၄၀ သာ ရရှိခဲ့တယ်လို့ သိရပါတယ်။