မြိုင်မြို့နယ်မှာ မုန်တိုင်းကြောင့်မိုးရွာခဲ့တဲ့ကာလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့

မေ၊ ၁၈
 
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် မိုးရွာသွန်းခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့ ရွာတွေဘက်ကို စစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး တိုက်ပွဲတချို့လည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
မြိုင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုက မြို့နယ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကို ပြီးခဲ့တဲ့တပတ်လောက်ကစပြီး မိုးရွာသွန်းမှု အခွင့်အရေးယူကာ စစ်ကြောင်းထိုးဝင်ရောက်တာတွေ လုပ်ခဲ့တာလို့ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
” မုန်တိုင်းရဲ့ မိုးကို အားကိုးပြီးတော့ ကာကွယ်ရေးအဖွဲ့တွေရဲ့ အလစ်အငိုက်ကို ဝင်စီးတဲ့သဘောမှာရှိတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ကျွန်တော်တို့က ပြင်ဆင်ချိန်ရတယ်၊ အဲဒီတော့ ကျွန်တော်တို့ ပစ္စည်းဆုံးရှုံးမှုတွေက မရှိဘူးပေါ့၊ မြိုင်မြို့ပေါ်ကတဆင့် အဲ့လိုပဲ မထင်ရင်မထင်သလို စစ်ကြောင်းထိုးနေတယ်၊ သူတို့လာရင်တော့ ဒေသခံတွေက ထွက်ပြေးပေါ့၊ ပြန်သွားရင်တော့ ရွာပြန်နေကြပေါ့ အဲလိုလုပ်နေရတယ် ” လို့ သူကဆိုပါတယ်။
 
အခုရက်ပိုင်းအတွင်း စစ်ကြောင်းဝင်တဲ့ ရွာတွေမှာ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာမျိုး မရှိပေမယ့် နေအိမ်တွေမှာကျန်ခဲ့တဲ့ ရွှေ၊ ငွေပစ္စည်းတွေနဲ့ ဖုန်းတွေ စတဲ့တန်ဖိုးရှိပစ္စည်းတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေယူဆောင်သွားကြတာမျိုး ရှိတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ မေလ ၁၃ရက်က မြိုင်မြို့နယ် မြောက်ဘက်က ကန်ကြီးတောရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ကျေးရွာအတွင်းနေအိမ်တွေထဲက ငွေကျပ် (၁၈)သိန်းကျော်နဲ့ တခြားတန်ဖိုးကြီးပစ္စည်းတွေ ယူသွားတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Myaing Villages Revolution Front က ပြောပါတယ်။
 
အဲ့ဒီနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက ကန်ကြီးတောရွာအတွင်း ဝင်ရောက်ရှင်းလင်းဖို့ကြိုးစားရာက စစ်ကောင်စီတပ်ဘက်က နောက်ချန်ကင်းအဖွဲ့နဲ့ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် နှစ်ဘက်လုံးထိခိုက်မှုမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် မေလ (၁၆)ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ် မြောက်ဘက်ခြမ်းက မင်းသားကျကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာလို့ အဲ့ဒီရွာခံတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ မင်းသားကျရွာကနေ အဲ့ဒီနေ့ညပိုင်းက ပြန်လည်ထွက်ခွာချိန်မှာ အနီးဝန်းကျင်မှာတွေ့တဲ့ ဒေသခံငါးဦးကို လမ်းပြအဖြစ် ဖမ်းခေါ်သွားသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီစစ်ကြောင်းဟာ လက်ရှိမှာ မြိုင်မြို့ပေါ်ကို ပြန်လည်ဝင်ရောက်သွားပြီး ဖမ်းခံရသူငါးဦးထဲက တဦးက ထွက်ပြေးလွတ်မြောက်လာကာ နောက်ထပ်လေးဦးကိုတော့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
ဒေသတွင်းကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေပေမယ့် မိုးရွာသွန်းမှုကြောင့် မိုင်းတွေကိုတော့ အသုံးပြုလို့မရဘူးဖြစ်နေတယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
မနေ့က ညနေပိုင်းကတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေတပ်စွဲ စခန်းချလေ့ရှိတဲ့ သရက်ခွရွာ ပျူစောထီးစခန်းက လုံခြုံရေးတပ်စိတ်တခုကို ဒေသကာကွယ်ရေးတပ်တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ DNA က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။ 
ဓာတ်ပုံ – MVRF
ပုံစာ – စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ မြိုင်ဒေသခံများ။