သံဖြူဇရပ်မှာ အရပ်သားနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေဆုံး

မေ၊ ၁၈
 
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာ ဒီကနေ့ မေ ၁၈ ရက် နံနက်ပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားနှစ်ဦး သေနတ်ပစ်ခတ်ခံရတာကြောင့် တဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ရွာကပဲ ပစ်ခံရတာက အနင်းရွာကလူပဲ၊ သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့လာတာ အဲမှာ လမ်းမှာပဲ သေနတ်တွေ ကိုင်ထားတဲ့ လူတွေက ရပ်ခိုင်းတာကို မရပ်လို့ဆိုပြီး ပစ်လိုက်တာပဲ၊ တယောက်က အဲမှာပဲ သေတယ်လို့ ပြောတယ်၊ တယောက်က ခြေထောက်မှာ ဒဏ်ရာနဲ့ ပြေးသွားတယ်တဲ့။ ရွာကပဲ သိတာပေါ့၊ သာမန်အရပ်သားတွေပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အင်အား ၂၀ ဦးခန့်ရှိတဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအဖွဲ့တခုက ဒီကနေ့ နံနက် ၈ နာရီခန့်မှာ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာထဲကို ဝင်ရောက်လာပြီး အမျိုးသားနှစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ မောင်းနှင်ထွက်ပြေးရာမှ သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
 
သေနတ်ပစ်ခတ်ခံရမှုကြောင့် အနင်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမိုးဇော်ဦးက နဖူးနောက်စေ့ကနေ ကျည်ဖောက်ထွင်းဒဏ်ရာနဲ့ ပွဲချင်းသေဆုံးခဲ့ပြီး နိုင်အဒစ်ဆိုသူကတော့ ခြေထောက်မှာ ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
 
ဒီပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ အနင်းကျေးရွာနယ်မြေရဲစခန်းမှ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီပစ်ခတ်မှုဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မှားယွင်းပစ်ခတ်မိတာဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေသလို လက်ရှိအချိန်ထိ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကိုလည်း ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
 
“ မနေ့ကလည်း အနင်းရဲစခန်းက ဒီဘေးနားတလျှောက်က ဝဲဝန်းရွာဘက်ကို သူတို့တွေ လက်နက်ကြီး ၆ လုံး၊ ၇ လုံးလောက်ပစ်လိုက်တာ၊ ဟိုဘက်ရွာကလူတွေ ထိသွားတာတော့ မကြားဘူး၊ ကရင်ရွာပါ။ အဲဘက်က အဲဒါကြောင့်မို့လို့ပဲ အခုလို ဝင်လာတာ များလား ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ယခုပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာဆိုရင် ကျားဖြူစစ်ကြောင်း၊ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့တွေ၊ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF-North၊ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF လှုပ်ရှားရာနယ်မြေတွေလည်း ဖြစ်ကြပြီး အဆိုပါအဖွဲ့တွေထံကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
 
“ မဆိုင်ဘူးအကို၊ မသိရသေးဘူးအကို၊ ဖြစ်စဥ်တောင်မသိဘူးဖြစ်နေတာ၊ အဲဒါက ရေးမြောက်ပိုင်းဘက်မှာရှိတာ ” လို့ Ye Guerrilla Force (ရေးပြောက်ကျားတပ်ဖွဲ့)မှ တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့ နံနက်ပိုင်းမှာလည်း ဘီးလင်းမြို့နယ် မဲလံဘက်ကနေ ဆင်းလာတဲ့ အင်အား (၁၀၀)ဝန်းကျင်ရှိတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနဲ့ KNLA , PDF ပူးပေါင်းတပ်ဖွဲ့တွေက နယ်ခြားရွာအနီးမှာ ၁၂ မိနစ်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးပွဲချင်သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ​- Social Media