ရွှေဘိုမြို့ကျေးရွာတရွာက ကလေးငယ်တွေအပါအဝင် အရပ်သားငါးဆယ်ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီး

မေ၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ကံသာကုန်းရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်လင်းအားကြီးချိန်မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကို မီးရှို့ကာ ကလေးငယ်တွေအပါအဝင် ဒေသခံငါးဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
 
” လက်ရှိအခြေအနေက ရွှေဘိုအနောက်ခြမ်း ညောင်ပင်သာနားက စိုက်ပျိုးရေးသိပ္ပံခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကြောင်း နေအိမ်တွေကို မီးရှို့တာ။ မနက်အစောကြီးဝင်တော့ ပိတ်မိတာ၊ ရွာခံ ငါးဆယ်လောက်ပါသွားတယ် ” လို့ People’s Defense Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က DNA ကိုပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲမှာ အရေအတွက်မသိရသေးတဲ့ ကလေးငယ်တွေပါဝင်ပြီး စစ်ကြောင်းချီတက်ရာမှာ တိုက်မိုင်းခနခနမိနေတဲ့အတွက် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူတာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
 
” ဓားစာခံဖမ်းသွားတာပေါ့။ ခုက ဘိုတဲကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ခုထိ ဖမ်းထားတုန်းပဲ။ ခုထိပြန်မလွှတ်သေးဘူး ” လို့လည်း ပြောပါတယ်။
 
လက်ရှိမှာတော့ ကံသာကုန်းရွာအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေကို မသိရသေးသလို ဖမ်းဆီးခံထားရတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ကံသာကုန်းရွာသားငါးဆယ်နီးပါးရဲ့အခြေအနေကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
 
” ရွှေဘိုဖက်ကနေ စစ်တပ်အင်အားဖြည့်နေတာတွေရော အနားက ပျူရွာတွေနဲ့ပါပေါင်းပြီး အင်အားဖြည့်ပြီး ဝင်ချလာတာ။ တရွာလုံးတော့ အဖမ်းခံရတာမဟုတ်ဘူး။ ပါသွားတာတော့ ငါးဆယ်လောက်ရှိမယ်။ အိမ်ကတော့ ရှို့ခံရတာနည်းတယ်။ ကလေးတွေလည်း ပါသွားတယ်။ သူတို့ (စစ်ကောင်စီ)က ညဉ့်နက်ပိုင်းတို့ မနက်အစောကြီးဝင်စီးတော့ ပြည်သူတွေက အငိုက်ကိုခံရတာ ” လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဟာ မေလ ၄ ရက်က ချမ်းသာရွာအထက်တန်းကျောင်းကြီးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ရေဦးအထိုင်တပ်တခုဖြစ်ပြီး အခုလ ၈ ရက်နေ့မှာပဲ ရွှေဘိုမြို့နယ်ထဲက ညောင်ပင်သာရွာအနီး စိုက်ပျိုးသိပ္ပံခြံထဲမှာ အထိုင်တပ်စွဲထားတဲ့ တပ်ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
 
လက်ရှိမှာတော့ ရွှေဘိုအနောက်ခြမ်း ကံသာကုန်းကျေးရွာက လွတ်မြောက်လာတဲ့ ဒေသခံရွာသားတွေအပါအဝင် စစ်ကောင်စီတပ်တွေတပ်စွဲနေတဲ့ ညောင်ပင်သာရွာနဲ့ အနီးဝန်းကျင်က ကျေးရွာက ရာနဲ့ ချီတဲ့ ဒေသခံတွေပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ တိုက်မိုင်းတွေနဲ့ ခြုံခိုတိုက်ခိုက်ခံရတာကနေ ကာကွယ်ဖို့ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတဲ့အပြင် စစ်ကြောင်းအပြန်မှာ အဲဒီဖမ်းဆီးသွားတဲ့သူတွေကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တာတိုင်ကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ၁၇ ဦးခန့်ကို စစ်ကောင်စီက ဒီနှစ်မတ်လဆန်းက သတ်ဖြတ်ခဲ့သလို ဧပြီလကုန်ခါနီးကလည်း ဆားလင်းကြီးမှာ လူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ အရပ်သားငါးဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) က ဒေသခံတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဥ်။